မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မြေရှားသတ္တု တူးဖော်ရန် ချီဖွေတွင် သွားရောက်စောင့်ဆိုင်းနေသူ များပြား

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသသို့ မြေရှားသတ္ထုတူးဖော်ရန်သွားသည့် အလုပ်သမားများကို ချီဖွေမြို့ စစ်ဆေးရေးဂိတ်တွင် လူဦးရေကန့်သတ်ထားသော်လည်း စောင့်ဆိုင်းနေသူအလွန်များပြားနေကြောင်း သိရသည်။

ပန်ဝါဒေသသို့သွားမည့်အလုပ်သမားများကို ချီဖွေမြို့ ၄မိုင်ပြည်သူ့စစ်ဂိတ်တွင် Quarantine တစ်ပတ်စာအတွက် ကျပ်ငွေ ၁ သိန်းခွဲ ကောက်ခံသည့်အပြင် တစ်ပတ်လျှင် လူဦးရေ ၁၂၀ ဦးကိုသာ သွားခွင့်ပြုသော်လည်း စောင့်ဆိုင်းသူအများပြားနေသေးကြောင်း ချီဖွေဒေသခံတစ်ဦးက KNG ကို ပြောသည်။

“ချီဖွေကနေ တက်လာတဲ့သူတွေ ဘယ်လောက်များများ ဂိတ်မှာ မနက် ၉နာရီကနေ ညနေ ၂နာရီလောက်အထိ တန်းစီရတယ်။ ပန်ဝါကိုသွားဖို့ တန်းစီတဲ့ သူတွေအများကြီးဘဲ။ ဘယ်လောက်ဘဲတန်းစီ လူ ၁၂၀ ပြည့်သွားပြီဆိုရင် ပြန်ခေါက်ရတယ်။ နောက်တစ်ပတ်ရောက်တဲ့အထိ ဆက်စောင့်ရတယ်” ဟု ပြောဆိုသည်။

ပန်ဝါဒေသသို့ မြေရှားတူးဖော်ရန်သွားသည့် အလုပ်သမားလူဦးရေမှာ ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ကာ ယခင်ကထက် အလွန်များပြားလာသည့်အတွက် ချီဖွေ ၄ မိုင်ဂိတ်တွင် ငွေကြေးကောက်ခံကာ လူဦးရေကန့်သတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဂိတ်တွင် အနယ်နယ်အရပ်ရပ်မှရောက်လာသော အလုပ်သမားများမှာ တစ်ပတ်ခန့်အကြာ ကြိုတင်လာရောက်တန်းစီမှုများရှိနေသလို တစ်ချို့မှာ အလှည့်ကျ တန်းစီမှုကို မစောင့်ဆိုင်းနိုင်သဖြင့် နေရပ်သို့ ပြန်ခေါက်သွားသူများလည်း ရှိနေကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီး ၅ လခန့်အကြာ ၂၀၂၁ ခုနှစ် ဇူလိုင်လမှစတင်ပြီး ပန်ဝါဒေသတွင် မြေရှားသတ္ထုတူးဖော်ရန် လူဦးရေအများအပြား ရောက်ရှိလာသည်မှာ ယခုနှစ်ဆန်းပိုင်းအထိ ဆက်တိုက်ရှိနေသည်ဟု ချီဖွေဒေသခံတစ်ဦးက ဆက်ဆိုသည်။

“စစ်တပ် အာဏာမသိမ်းခင်တော့ ဒီလောက်မဆိုးဘူး။ အခုဆိုရင် နေ့တိုင်းလိုလိုအများကြီး တက်နေကြတယ်။ ၄မိုင်ဂိတ်မှာဘဲ ဘယ်လိုဖြတ်ခိုင်းလဲတော့မသိဘူး။ ဒီကတက်သွားတာက သိနေရတယ်။ ပန်ဝါထဲကို ဝင်သွားတဲ့သူတွေက တစ်ထောင်လောက်တောင်ရှိလောက်ပြီ။ ဒီထက်များရင်လည်း များနိုင်တယ်” ဟု ပြောဆိုသည်။

ထို ၄ မိုင် ပြည်သူ့စစ်ဂိတ်တွင် ချီဖွေနှင့်​ ဆော့လော်ဒေသခံများသာ တစ်ဦးလျှင် တစ်ပတ်စာအဖြစ် မြန်မာကျပ်ငွေ ၇သောင်း ပေးဆောင်ရပြီး ကျန်နေရာများမှ အလုပ်သမားများမှာ တစ်ပတ်စာအတွက် ကျပ်ငွေ ၁ သိန်း ၅ သောင်း ပေးဆောင်ရကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးလာမှုကြောင့် မလွဲမရှောင်သာ ပန်ဝါဒေသတွင် မြေရှားသတ္တုတူးဖော်နေရသဖြင့် ပြည်သူ့စစ်ဂိတ်တွင် ထိုသို့ မလုပ်သင့်ကြောင်း မကြာသေးမှီက ပန်ဝါဒေသမှ ပြန်လာသူ အလုပ်သမားတစ်ဦးကလည်း KNG ကို ပြောဆိုခဲ့သည်။

သို့သော်တစ်ဖက်တွင်လည်း ချီဖွေနှင့်ဆော့လော် ဒေသတွင် ယခုလို ထိန်းကြောင်းမှုမရှိ သတ္တုတူးဖော်မှုများကြောင့် ဌာနေဒေသခံပြည်သူများ၏ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာမည်ကို အလွန်စိုးရိမ်ကြောင်း နောက်ထပ် ချီဖွေဒေသခံတစ်ဦးက ထပ်မံပြောဆိုသည်။

“မြေရှားတူးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့အရင်းအစိုးရ ကတည်းကနေ ကန့်ကွက်ခဲ့တယ်။ ဒါပေမယ့် ထိရောက်မှုမရှိခဲ့ဘူး။ အခုဆိုရင် ပန်ဝါမှာ သတ္ထုတူးဖို့နေရာ ကုန်သလောက်ရှိလာပြီ။ ဘာဖြစ်လာလဲဆိုတော့ ချီဖွေနဲ့ဆော့လော်ဒေသဘက် ပြန်ပြီး ဦးတည်လာနိုင်တယ်။ ကြားရသလောက် ဆော့လော်မြို့နယ်ဘက်တောင်မှ ပြန်လုပ်ကိုင်လာပြီလို့ကြားနေရတယ်။ သူတို့က နိုင်ငံရေးနဲ့ ကိုဗစ်ကြောင့်သာ ထင်ရှားအောင်မလုပ်သေးတာဘဲရှိတယ်။ ကျနော်တို့စိုးရိမ်နေတာက ဒီဒေသမှာ လုပ်ကိုင်နေတဲ့စိုက်ခင်းတွေလုပ်ကိုင်လို့မရအောင်ဖြစ်လာမယ်။ အဲ့ခါကြရင် ဌာနေသားတွေရဲ့ ဝင်ငွေစီးဆင်းမှုတွေ ကျဆင်းသွားမယ်။ နောက်ပြီးသောက်သုံးရေအတွက် ပိုပြီးစိုးရိမ်နေရတယ်”ဟု ပြောဆိုသည်။

မြေရှားသတ္ထုတူးဖော်ရာ နည်းလမ်းအများအနက် လက်ရှိကချင်ပြည်နယ်တွင် အသုံးပြုသည့် နည်းလမ်းမှာ ကျင်းတူးပြီး အက်စစ်နှင့်ဓာတ်ဆေးရည်ကို ကျင်းထဲသို့လောင်းချကာ အရည်ပျော်သွားသည့် မြေကြီးကို ပိုက်နဲ့ထပ်မံစုပ်ယူရပြီး သိုလှောင်ကန်ထဲမှ တဆင့်သတ္ထုကို ပြန်လည်ထုတ်ယူသောနည်းဖြင့် ထုတ်ယူနေသည်ဟု သိရသည်။

တရုတ်နယ်စပ် ပန်ဝါဒေသတွင် မြေရှားသတ္ထုတူးဖော်မှုကို တရုတ်သူဌေးများက တူးဖော်နေသည်ဟုလည်း ပြောဆိုနေကြသည်။

ပန်ဝါဒေတွင် ဥပဒေမဲ့ တရားမဝင်လုပ်ကိုင်နေသော မြေရှားသတ္တုတူးဖော်မှုကို ပိတ်ပင်ပေးဖို့ ၂၀၁၉ ခုနှစ်တွင် ချီဖွေနှင့် ပန်ဝါဒေသရှိ ပြည်သူလူထုက ပြည်နယ်အစိုးရနှင့် နိုင်ငံတော်သမ္မတသို့ တင်ပြတောင်းဆိုခဲ့သော်လည်း ထိရောက်မှု မရှိသေးဘဲ ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးအဖွဲ့က လာရောက်ကွင်းဆင်းစစ်ဆေးခဲ့သည့် အဆင့်သာရှိခဲ့သည်။

ကချင်ပြည်နယ်တွင် မြေရှားသတ္ထုတူးဖော်မှုနှင့်ပတ်သက်ပြီး ၂၀၁၄-၂၀၁၅ ခုနှစ်မှ ၃နှစ်ခန့်အကြာ စမ်းသပ်ကာအဖြစ် စတင် တူးဖော်မှုများပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်း တရားမဝင်လုပ်ကိုင်သည့် လုပ်ကွက်များ ပိုမိုများပြား လာခဲ့ကြောင်းသိရသည်။

လက်ရှိ ကချင်ပြည်နယ်တွင် မြေရှားသတ္ထုထွက်ရှိသည့် တည်နေရာများမှာ ပြည်နယ်အရှေ့ပိုင်းခြမ်း အထူးဒေသ(၁) ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း ထိန်းချုပ်ထားသောနေရာတွင်ဖြစ်ပါသည်။

Show More

Related Articles

Back to top button