သတင်း

မိုးကောင်း ကြံ့ခိုင်ရေးပါတီဝင်များက Non CDM ဆရာမများကိုထောက်ပံ့ရန် ဆန်နဲ့ ငွေသားလိုက်လံကောက်ခံနေ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု၊ ပင်းကြိုင်းကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင်များက စစ်ကောင်စီအောက် အလုပ်လုပ်ကိုင်နေသော ကျောင်းဆရာများကိုထောက်ပံ့ရန်ဟုဆိုကာ တစ်အိမ်ထောင်လျှင်စပါး ၂ တင်း ကောက်ခံနေပြီး စပါးမပေးနိုင်ပါက ငွေကျပ်တစ်သောင်းထည့်ဝင်ရန် လိုက်လံကောက်ခံနေကြောင်း ဒေသခံ ပြည်သူများထံမှ စုံစမ်း သိရှိရသည်။

အလယ်တန်းကျောင်းအထိဖွင့်လှစ်ထားသော ပင်းကြိုင်းကျေးရွာရှိ ကျောင်းဆရာ/မ စုစုပေါင်း ၆ ဦးကို ထောက်ပံ့ရန်ဟုဆိုကာ ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်ပြီး ယခုလို ကောက်ခံနေခြင်းဖြစ်သည်ဟု ပင်းကြိုင်းကျေးရွာနေ အမျိုးသမီးတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“အခုလက်ရှိ CDM မလုပ်တဲ့ဆရာမတွေကိုထောက်ပံ့ဖို့ဆိုပြီးမှ ရွာသားတွေကို တစ်အိမ်ထောင်စပါး ၂ တင်း ပေးရမယ်မပေးလို့ရှိရင် ပိုက်ဆံတစ်ပေးရမယ်ဆိုပြီး ကောက်ခံတာရှင့်။ သူတို့ကောက်နေတဲ့အထဲ မှာအများစုကတော့ ကြံ့ခိုင်ရေးပါတီဝင်တွေကောက်တာရှင့်။ အတင်းကြီးလာကောက်တာတော့ မရှိဘူးရှင့်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ပင်းကြိုင်းကျေးရွာနေအမျိုးသမီးတစ်ဦးက ပြောသည်။

ပင်းကြိုင်းကျေးရွာတွင် အိမ်ခြေ စုစုပေါင်း ၃၀၀ နီးပါး နေထိုင်ကြပြီး အဆိုပါကောက်ခံမှုတွင် လက်ရှိ ကလေးကျောင်းအပ်နှံထားသည့် အိမ်ထောင်စုဝင်များကသာ အဓိက ထည့်ဝင်ကြကြောင်း သိရသည်။

“လာကောက်တယ်။ အတင်းကြီးကောက်တာမဟုတ်တော့ ထည့်တဲ့ဟာကထည့်တယ်။ မထည့်တဲ့လူက မထည့်ကြဘူး။ ကလေးကျောင်းထားတဲ့လူတွေကတော့ထည့်တယ်။ မပြေလည်တဲ့မိဘတွေလည်းရှိတယ်လေး ကျွန်မတို့လည်းမထည့်ဘူး။ ကျောင်းလည်းအကုန်လုံးနီးပါးတော့မထားကြဘူး။ ကျောင်းထားတဲ့လူ တွေကထက်ဝက်လောက်တော့ရှိတယ်။ ကောက်တာကတော့ ကျောင်းသားရှိတဲ့အိမ်ကော ကျောင်းသား မရှိတဲ့အိမ်ကော အကုန်လုံးကောက်တယ်။” ဟု အမည်မဖော်လိုသည့် ပင်းကြိုင်းကျေးရွာနေ လူငယ်တစ်ဦး ကပြောသည်။

ပင်းကြိုင်းကျေးရွာ စာသင်ကျောင်းတွင် ယခင်အစိုးရလက်ထက်က ဒေသခံဆရာ/မ များကသာ စာသင်ပေးလျက်ရှိပြီး စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်းတွင် ဒေသခံဆရာမများမှာ ပြည်သူ့အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်သွားသည်ဟု သိရသည်။

ထို့ကြောင့် လတ်တလော စာသင်ပေးနေသည့် ဆရာ/မ များမှာ ရပ်ဝေးဒေသမှ လာရောက်ပြီး တာဝန်ထမ်းဆောင်နေသူများဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button