ဖောင်းဆိုင်ဒေသတွင် MNDAA တပ်သားသစ် စုဆောင်းနေသည့်အတွက် ဒေသခံတချို့ တိမ်းရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲရှိ ဖောင်းဆိုင်ဒေသ အရှေ့ဘက်ခြမ်းတွင် MNDAA ကိုးကန့် တပ်ဖွဲ့မှ တပ်သားသစ် စုဆောင်းမှုကို မလိုလားသော ဒေသခံအချို့ တိမ်းရှောင်နေရကြောင်း သိရသည်။
“စိတ်မပါပဲနဲ့ မလုပ်မနေရ အတင်း အဓမ္မ လိုက်လံ ခေါ်ဆောင် စုဆောင်းရေး လုပ်နေတာ။ အဲဒါကြောင့် တချို့ ဒေသခံတွေ မိသားစုလိုက် ရွှေ့ပြောင်း နေထိုင်ကုန်ပြီ။ မိသားစု ၂ စု တောင် စစ်သား မလုပ်နိုင်လို့ ညမှာပဲ ညတွင်းချင်း အိမ်ပြောင်း သွားတယ်” ဟု ဖောင်းဆိုင် ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ဇန်နဝါရီ ၃၀ ရက်နေ့ည ၆ နာရီဝန်းကျင်ခန့်မှစကာ ပူဝမ်၊ မန်ဆာ၊ ကျိန်းထုန်၊ သာချင့်၊ ဟူထူရှန်၊ ပန်ခမ်း၊ ဘောမ်ဇော်မ်၊ မန်ခါ၊ ရှောက်ဝ်ရွှေဇင်၊ ဟုန်စီးကရံ (Hou Tsi Gyan) အစရှိသည့် ကျေးရွာများမှ လူငယ် ၁၀ ဦးကျော်ကို ကိုးကန့် MNDAA တပ်ဖွဲ့မှ စစ်သားစုဆောင်းဖို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများ KNG ကို ဆက်ပြောသည်။
ဖောင်းဆိုင်ဒေသတွင် ယခင်ခေတ်အဆက်ဆက်မှ လက်ရှိအချိန်ထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နေရာဖြစ်သည့်အတွက် ထိုနေရာတွင် စစ်သားစုဆောင်းခြင်းနှင့် တပ်နေရာချထားခြင်းကို ခွင့်မပြုထားကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ စစ်သားစုဆောင်းခွင့် ပေးထားတာ မရှိဘူး ဒီမုံးကိုး၊ ဖောင်းဆိုင် ဒေသနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကချင်ရဲ့ သမိုင်းအဆက်ဆက် နှစ်ပေါင်းများစွာ ကျနော်တို့ အုပ်ချုပ်လာခဲ့တဲ့ နယ်မြေဖြစ်တယ်၊ မြန်မာပြည် ပြည်ထောင်စုမဖွဲ့ခင်ကတည်းက အုပ်ချုပ်လာတာဖြစ်တယ်။ ဒီနေရာကို ညီအစ်ကို ကိုးကန့်တွေက သူတို့နယ်မြေဖြစ်တယ်ဆိုပြီးအုပ်ချုပ်လာတာက မသင့်တော်ဘူးလို့ သူတို့က စာပို့ထားတာလည်းရှိပါပြီ။ ” ဟု ဗိုလ်မှူးကြီးနော်ဘူက KNG ကို ပြောသည်။
အလားတူ KIO ဗဟိုဌာနချုပ် အနေဖြင့် မုံးကိုး ဖောင်းဆိုင်ဒေသနှင့် ပတ်သက်ပြီး FPNCC သို့လည်း စာပို့အကြောင်းကြားထားသည်ဟု ဆိုသည်။
“ပြည်သူတွေလည်း ကျွန်တော်တို့ပြည်သူဆိုတာ အမြဲတမ်း သတိရနေတယ်။ ဒုက္ခ မရောက်အောင် နည်လမ်းရှာပြီးတော့ ကျွန်တော်တို့ ကာကွယ်ပေးနေတယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ရှမ်းမြောက် တရုတ်နယ်စပ်ဖြစ်သော မုံးကိုး ဖောင်းဆိုင်ဒေသများသည် ယခင်က ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄ နယ်မြေအဖြစ်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် တပ်မဟာ ၆ အဖြစ် ပြန်လည်သတ်မှတ်ခဲ့သည်။ ၂၀၁၁ ခုနှစ် ကချင်ဒေသတစ်ကျော့ပြန်တိုက်ပွဲပြန်လည်ဖြစ်ပွားလာပြီးနောက် အဆိုပါနေရာများတွင်လည်း KIA ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
လက်ရှိတွင်မူ မုံးကိုးဖောင်းဆိုင်ဒေသတွင် KIA အပြင် AA နဲ့ ကိုးကန့် MNDAA တို့ လှုပ်ရှားသွားလာရာနေရာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ဝက်ခန့်ကစ စစ်ကောင်စီနှင့် ကိုးကန့် MNDAA တို့ အကြား ပန်ဆိုင်း(ကြူကုတ်) ၊ မုံးကိုး ဖောင်းဆိုင်းဒေသများများတွင် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်း ဖြစ်သည်။
Bum Shep