Covid-19 Reportingသတင်း

နောက်မကျခင်

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါဖြစ်တဲ့ အိုမီခရွန် ပိုးကို မြန်မာပြည်မှာတွေ့တာ အယောက် ၃၂၀ ရှိပြီလို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ယိုယွင်းနေတဲ့ ကျန်းမာရေးစနစ်ကြောင့် လက်တွေ့ မြေပြင်မှာ အိုမီခရွန် ကူးစက်ခံရသူဦးရေ ဒီထက်လည်း ပိုများနိုင်ပါတယ်။

ပိုပြီး စိုးရိမ်ဖွယ်ကောင်းတာက ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်က လူဦးရေများတဲ့ စက်ရုံတစ်ခုမှာ အိုမီခရွန် (Omicron) ပိုးတွေ့သူ ၁၀ ပေါ်လာခဲ့ပါတယ်။

ကိုဗစ် – ၁၉ ရောဂါအသစ်ဖြစ်တဲ့ အိုမီခရွန် ရောဂါဆိုတာ ၂၀၂၁ နှစ်လယ်လောက်က အာဖရိကမှာ စတင်တွေ့ရှိပြီး သိပ်မကြာခင်မှာဘဲ အာရှနိုင်ငံတွေမှာ ကူးစက်လာတာဖြစ်ပါတယ်။ အိုမီခရွန်ဟာ ဒေတာထက်ပိုမိုပြီး ကူးစက်မြန်တယ်လို့ သိရပါတယ်။

အခုလို ရန်ကုန်က လူများတဲ့ စက်ရုံတစ်ခုမှာ ကူးစက်မြန် အိုမီခရွန်ပိုးတွေ့တာကြောင့် ယေဘုယျအားဖြင့် မြန်မာပြည်မှာ ကိုဗစ်-၁၉ စတုတ္တလှိုင်းဟာ မကြာမှီ ဖြစ်လာတော့မယ်ဆိုတဲ့ သဘောလည်း သက်ရောက်နေပါတယ်။

Omicron (အိုမီခရွန်) ရောဂါလက္ခာဟာ ဖြစ်ပျက်နေကျ ရာသီတုပ်ကွေးအတိုင်း နှာရည်ယို ၊ နှာစေး၊ လည်ပင်းနာ၊ အဖျားတက်၊ ခေါင်းကိုက် စတာတွေဖြစ်တယ်လို့ ကျန်းမာရေးကျွမ်းကျင်တဲ့ ဆရာဝန်တွေက ပြောပါတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေ တတိယလှိုင်းမှာ ကြုံခဲ့ဖူးတဲ့ အနှံပျောက်တာမျိုးတော့ သိပ်မရှိဘူးလို့ သိရပါတယ်။

အခုလို ကာလမှာ အိုမီခရွန်ကို စတုတ္ထလှိုင်းကူးစက်မှု မဖြစ်အောင် ကာကွယ်ဖို့ အယောက်စီတိုင်းမှာ တာဝန်ရှိပါတယ်။ ကာကွယ်ဖို့ နည်းလမ်းတွေကတော့ လူထူထပ်တဲ့နေရာကိုရှောင်ရှားဖို့၊ အပြင်သွားတိုင်း MASK တပ်ဖို့၊ တစ်ဦးနှင့် တစ်ဦးစကားပြောဆိုဆက်ဆံရာမှာလည်း ခပ်ခွာခွာနေတတ်ဖို့၊ အပြင်က ပြန်လာရင် လက်ကို စင်ကြယ်အောင် ဆေးကြောဖို့ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ဖြစ်ပါတယ်။ တစ်ခါထိုးယုံနှင့် မလုံလောက်သလို နှစ်ခါလည်း မလုံလောက်သေးတာကြောင့် အခုဆိုရင် အများစုဟာ တတိယအကြိမ်အထက် ထိုးပြီးနေတာကိုလည်း တွေ့ရပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ကိုဗစ်-၁၉ ရောဂါလက္ခာတွေဖြစ်တဲ့ နှာရည်ယို ၊ နှာစေး၊ လည်ပင်းနာ၊ ချောင်းဆိုး၊ အဖျားတက်၊ ခေါင်းကိုက် မှုတွေဖြစ်လာရင် ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြသသင့်ပါတယ်။

ကချင်ပြည်နယ်မှာဆိုရင် ဒီကာလမှာ ပွဲလမ်းသဘင်နှင့်အတူ ပျော်ပွဲရွင်ပွဲ အပန်းဖြေဂေဟောအများစု ပုံမှန်လည်ပတ်နေတာကြောင့် လူစုလူဝေး ပုံမှန်ဖြစ်နေပါတယ်။ အိုမီခရွန် ကူးစက်မြန် ကိုဗစ်ပိုးဟာ လက်ရှိ ကိုယ့်အနီးနား မကူးစက်သေးလို့ မသိပေမယ့် ရောက်လာတဲ့အချိန်ထိ စောင့်မယ်ဆိုရင်တော့ နောက်ကျသွားပါပြီ။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကိုဗစ်-၁၉ တတိယလှိုင်းမှာ မြန်မာပြည်သူတွေ သေဆုံးမှု အများအပြားကြုံခဲ့ရပါတယ်။ အခုတစ်ခေါက် အိုမီခရွန်ကို ကြီးမားတဲ့ ကူးစက်မှု မဖြစ်အောင် အခုကတည်းက ကာကွယ်ဖို့ အသင့်တော်ဆုံး အချိန်ဖြစ်ပါတယ်။

Show More

Related Articles

Back to top button