လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ပူတာအိုမြို့ ဖတ်မာကျေးရွာတွင် လင်မယားနှစ်ဦး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံး

ကချင်ပြည်နယ်၊ ပူတာအိုမြို့ ဖတ်မာကျေးရွာနေ လင်မယားနှစ်ဦးကို စစ်ကောင်စီတပ်မှ ယမန်နေ့ည ဖေဖော်ဝါရီ ၁၅ ရက်နေ့ တွင် ပစ်သတ်လိုက်ကြောင်း သိရသည်။

ယမန်နေ့ည ၈ နာရီအချိန်တွင် စစ်ကောင်စီတပ်များ ဖက်မာရွာထဲသို့ဝင် ရောက်လာပြီး ရွာတွင်းသေနတ်ပစ်ခတ်မူများ ပြုလုပ်လာသည့်အတွက်  ရွာသားအချို့ဘေးလွတ်ရွာ ထွက်ပြေးတိန်းရှောင်နေစဥ် အဆိုပါ လင်မယား နှစ်ဦး ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သေဆုံးသွားသည့်အမျိုးသား၏ ဦးလေးတော်စပ်သူက KNG သတင်းဌာနသို့ ပြောသည်။

“မနေ့က တိုက်ပွဲဖြစ်တဲ့အချိန်မှာ ကျနော့တူလေး လင်မယားက ဆိုင်ကယ်နဲ့မောင်းပြီး ကားလမ်းမတိုင်းမောင်းပြေးတာ အဲတာကိုနောက်ကနေပြီးတော့ စစ်သားတွေက ဓာတ်မီးလိုက်ထိုးပြီးမှ သေနတ်လိုက်ပစ်လို့ လင်မယားနှစ်ယောက်လုံး ဆုံးသွားတယ်” ဟု ဦးလေးတော်စပ်သူ ကပြောသည်။

သေဆုံးသွားသည့် အမျိုးသားမှာ ဦးအားခီဇီပါ အသက် ၂၀ ကျော်ဝန်းကျင်ရှိပြီး ၎င်း၏ ဇနီးမှာလည်း အသက် ၂၀ ကျော် ဝန်းကျင်သာရှိသေးသည့်အပြင် လက်ထပ်ထိမ်းမြားထားသည်မှာ နှစ်လဝန်းကျင်သာရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

ယမန်နေ့က စစ်ကောင်စီတပ်နှင့် KIA၊ PDF တို့သည် ဖတ်မာကျေးရွာနှင့် လုံရှာယန်ကျေးရွာကြားတွင်လက်နက်ကြီး လက်နက်ငယ်များအသုံးပြုကာ နှစ်ဘက်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

”အခုတိုက်ပွဲ ဖြစ်တော့ရွာသားတွေတချို့က အိမ်မှာပဲ တချို့ကတော့ တောထဲထွက်ပြေးသွားတဲ့လူတွေလည်းရှိတယ်။ အိမ်မှာနေ နေတဲ့လူတွေအများပိုင်းရှိတယ် ဖတ်မာ မှာဆိုတော့” ဟု ဖတ်မာကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ လုံရှာယန်ကျေးရွာဘက်တွင် KIA နှင့် PDF တို့ရှိနေပြီး ဖတ်မာကျေးရွာတွင် စစ်ကောင်စီတပ်မှ တပ်စွဲထားသည်။ လီဆူလူမျိုးအများစုနေထိုင်သော ဖတ်မာဒေသခံများကို ထွက်ပြေးလျှင် ပစ်သတ်မည်ဟု စစ်ကောင်စီဘက်က ခြိမ်းခြောက်ထားရာ ယမန်နေ့ညက အဆိုပါ လင်းမယားနှစ်ဦး ဆိုင်ကယ်ဖြင့်ထွက်လာစဉ် လိုက်လံ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဆွမ်ပီယန်ကျေးရွာနှင့် လုံရှာယန်ကျေးရွာကြားရှိ ဆွမ်ပီယန်စစ်ကောင်စီတပ်စခန်းကို  KIA နှင့် PDF တို့က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တိုက်ခိုက်ပိုက်သိမ်းခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဂျက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲခဲ့သောကြောင့် ဆွမ်ပီယန်ကျေးရွာပြည်သူအချို့ထိခိုက်ပြီးလူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်။

Show More

Related Articles

Back to top button