သတင်း

မိုင်းယော်ဒေသတွင် စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် စစ်ရှောင်များနေရပ်မပြန်နိုင်သေး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အရှေ့ဘက်ရှိ မိုင်းယော်ဒေသတွင် စစ်ကောင်စီတပ် နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ကြား စစ်ရေး ဆက်လက် တင်းမာနေသောကြောင့် ဒေသခံပြည်သူ ၂၀၀ ကျော် နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မိုင်းယော်မြို့အနီး စစ်ကောင်စီတပ်မ ၉၉ နှင့် ကိုးကန့် MNDAA တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ချိန် စစ်ကောင်စီဘက်မှ လေယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာ ၃ ရွာမှ ဒေသခံ ၂၀၀ ကျော်မှာ မိုင်းယော်မြို့နှင့် လားရှိူးမြို့သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု မိုင်းယော်ဒေသခံတစ်ဦး KNG ကို ယခုလို ပြောသည်။

“မိုင်းယော်မှာက စစ်တပ် တပ်မဟာဘက်က တိုက်ပွဲမှာ ထိခိုက်ကျဆုံးမှု တော်တော်ရှိသွားတာကြောင့် စစ်တပ်ဘက်က တစ်ခါပြန် အကြီးအကျယ် ပြန်ပစ်ဖို့ ပြင်ဆင်နေတဲ့အခြေအနေကို တွေ့နေရတယ်။ စစ်ရှောင်တွေ ထွက်မပြေးလာခင် ရှေ့ရက်က စစ်တပ်က တိုက်လေယာဉ် ၂ စီးနဲ့ ၂ ရက်ဆက်တိုက်လာပစ်တဲ့နေ့ ကိုးကန့် MNDAA ဘက်တော်တော် ထိခိုက်ကျဆုံးမှုရှိခဲ့တာကြောင့် အဲ့မှာ ညီနောင်မဟာမိတ် တပ်ပေါင်းစုအဖွဲ့တွေ ပြန်ပူးပေါင်းပစ်တာ စစ်တပ်ဘက်ကလည်း တော်တော် ထိခိုက်သေဆုံးမှုများသွားတာဟုတ်တယ်။” ဟု မိုင်းယော်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ မိုင်းယော်မြို့ တွင်း နှင့် လားရှိူးမြို့ သို့ ရောက်ရှိနေသော စစ်ရှောင်ပြည်သူများသည် မိုင်းယော်တိုက်နယ် အတွင်းရှိ လုံကစ်၊ နောင်ပစ်၊ ခိုခမ်း၊ ပန်သပြေကျေးရွာ၊ လုံတောက် နှင့် လွိုင်စန့် စသည့် ကျေးရွာများမှ ဒေသခံများဖြစ်ပြီး ဆွေမျိုးနေအိမ်များတွင် တိမ်းရှောင် ခိုလှုံနေသည်ဟု သိရသည်။

မိုင်းယော်မြို့အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့် MNDAA တို့မှ ပိတ်ဆို့ထားသည့် အခြေအနေဖြစ်နေသည်ဟု အထက်ပါ မိုင်းယော်ဒေသခံထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့က လားရှိုးမြို့မှ မိုင်းယော်ဘက်သို့ စစ်အင်အားဖြည့်ရန် တက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုင်းယော်မြို့မရောက်မှီ မိုင်းယန်းမှ ပြန်ခေါက်သွားသဖြင့် တိုက်ပွဲ မဖြစ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ကုန်ပိုင်းမှ မိုင်းယော်ဒေသတွင် တိုက်ပွဲစတင်ဖြစ်ပွားလာပြီး လတ်တလော စစ်တပ်မှ မြို့ပေါ်ရပ်ကွက်များတွင် နေ့ ည ရံဖန်ရံခါ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ပြောသည်။

“မဟာမိတ်အဖွဲ့တွေက မြို့အပြင်ဘက် ပတ်ပတ်လည် သွားလာလှုပ်ရှားနေတာရှိတယ်။ စစ်တပ်ကတော့ မုံးယော်မြို့ထဲကနေ နေ့ နဲ့ ညတစ်ခါခါ ထထ ပြီး မဟာမိတ်တွေရှိမယ်ထင်တဲ့ဘက် ပစ်ထည့်နေတာပေါ့။ ခုတလော ငြိမ်လိုက် ပစ်လိုက် လုပ်နေတာဟုတ်တယ်။ အဲ့မှာ ဟိုဘက်က မဟာမိတ်အဖွဲ့တွေဘက်က ပြန်ပစ်မယ်ဆိုလည်း မြို့ထဲ ပြည်သူတွေ ထိမှာစိုးလို့ ပြန်မပစ်တဲ့ အနေအထားပဲ ရှိနေတာဟုတ်တယ်။” ဟု မိုင်းယော်ဒေသခံတစ်ဦး KNG ကို ပြောသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ယနေ့ နံနက်ပိုင်းကလည်း မိုင်းယော်အနီးတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ကြား မိနစ်ပိုင်းတိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

မိုင်းယော်မြို့သည် လားရှိုးမြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ဝန်းကျင်ခန့်အကွာတွင် တည်ရှိပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်သော ဒေသဖြစ်ကာ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကိုးကန့် MNDAA ၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ သွားလာလှုပ်ရှားနေသည့် နယ်မြေဖြစ်သည်။

Show More

Related Articles

Back to top button