စစ်ပြေးဒုက္ခသည်များတိုက်ပွဲသတင်း

ပူတာအို ဒေသသို့ စစ်ကောင်စီတပ် လေယာဉ်ဖြင့် အင်အား ပို့ဆောင်

စစ်ရေး တင်းမာနေတဲ့ ကချင်ပြည်နယ် ပူတာအိုဒေသကို စစ်ကောင်စီက စစ်အင်အားတွေကို လေယာဉ်နဲ့ ပို့ဆောင်နေတာကြောင့် တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနေ့က ပူတာအိုမြို့ လေဆိပ်မှာ လေယာဉ် ၁ စီးနဲ့ ၂ ခေါက် စစ်ကောင်စီ တပ်သားတွေကို လာရောက်ပို့ဆောင်ခဲ့ပြီးတော့ အဲဒီကနေ ကား ၅ စီးနဲ့ ခလရ ၄၆ တပ်ရင်းဘက်ကို ခေါ်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကားအချို့ကတော့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဖတ်မာဘက်ကို သွားနေပြီ ဖြစ်တာကြောင့် တိုက်ပွဲကြီး ဖြစ်လာနိုင်တယ်လို့ ပူတာအိုဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

“တို့ ပတအ ဘက်ကို စစ်ကောင်စီတပ်သား လေယာဉ်အပြည့်နဲ့ ၂ ကြိမ် လာပို့ထားပြီ။ သူတို့ စစ်ဆင်ရေးပြန်ပြင် နေပြီထင်တယ်။ စုစုပေါင်း အင်အား ၁၂၀ လောက်ရှိမယ်ထင်တယ်။ yx လေယာဉ်နဲ့။ ဒါကြောင့် ပြည်သူတွေက စစ်ပွဲကြီး ပြန်ဖြစ်လာရင် အရမ်းစိုးရိမ်ရတယ်။ အစားအသောက်က အစပေါ့။”

 ပူတာအိုမြို့ပြင် ၁၀ မိုင်လောက်ဝေးတဲ့ ဖတ်မာကျေးရွာမှာ စစ်ကောင်စီက နေရာယူထားပြီးတော့ ဖတ်မာနဲ့ လုံန်ရှာယန်ကျေးရွာကြားမှာရှိတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်KIA နဲ့ PDF တပ်ဖွဲ့တွေကို ရှင်းလင်းဖို့ အခုလို ပြင်ဆင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ ဒီဒေသမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က တစ်ကြိမ်နဲ့ ၁၅ ရက်နေ့က တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ လုန်ရှာယန်နှင့် ဆွမ်ပီယန်ကျေးရွာကြားက ရှိန်ဂတ်တောင် စခန်းကို KIA နှင့် PDF တို့ စတင်တိုက်ခိုက်နေတာ ဒီနေ့အထိဖြစ်ပါတယ်။

ပူတာအိုဒေသကို စစ်ကောင်စီက အခုလို လေယာဉ်နှင့် စစ်အင်အားတိုးချဲ့နေသလို ခေါင်လန်ဖူးအခြေစိုက် ဌာနေပြည်သူ့စစ်အဖွဲ့ကိုလည်း တပ်ကူအဖြစ် ခေါ်ယူထားသောကြောင့် ပူတာအိုတွင် တိုက်ပွဲ ဆက်ဖြစ်လာနိုင်ကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“စခန်းသိမ်းတိုက်ပွဲလား၊ အနှောက်အယှက်ပေးတဲ့သဘောလား ပူတာအိုဘက်မှာ ကျနော်တို့ ပိုမိုလှုပ်ရှားလာတဲ့အတွက် တိုက်ပွဲ ဆက်ဖြစ်နိုင်ပါတယ်။ မနေ့ ဒီနေ့ တိုက်ပွဲအခြေအနေကို ကြည့်ပြီးပြောတာမဟုတ်ဘူး ။ လက်ရှိအခြေအနေအရ တိုက်ပွဲပိုဖြစ်လာနိုင်တယ်ဆိုတာ ပြောချင်တာပါ။”

ပူတာအိုဒေသမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ပြီး တိုက်ပွဲပြန်လည် ပြင်းထန်လာတာကြောင့် လုံရှာန်ယန်၊ ဆွမ်ပီယန် ၊ အင်စီယန် နှင့် အခြားကျေးရွာအငယ်များမှ ဒေသခံ ထောင်ချီ တောထဲ ထွက်ပြေးနေရတာဖြစ်ပါတယ်။

ဆွမ်ပီယန်ကျေးရွာဒေသခံ ၁၀၀၀ ကျော် နှင့် လုန်ရှာယန်ဒေသခံ ၆၀၀ ကျော်ဟာ မြို့ပေါ် ထွက်ပြေးဖို့ ဆွေမျိုးမရှိတာကြောင့် တောထဲ တဲဆောက်ကာ ထွက်ပြေးနေရတာဖြစ်ပြီး သူတို့အတွက် အရေးအကြီးဆုံးကတော့ မိုးကာ နဲ့ ဆေးဝါးနဲ့ အစားအသောက်ဖြစ်တယ်လို့ ပြောပါတယ်။

Show More

Related Articles

Back to top button