ကသာမြို့ ပျူစောထီးနှင့် တပ်ထောက်ခံသူများကို မိုင်းသင်တန်းများ ပို့ချပေးနေ

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာမြို့တွင် စစ်ကောင်စီတပ်မှ ပျူစောထီးနှင့် တပ်ထောက်ခံသူများအား မိုင်းဖောက်ခွဲနည်း သင်တန်းပို့ချ ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ အရံအင်အားအဖြစ် အသုံးပြုရန် ပျူစောထီးအပါအဝင်၊ တပ်ထောက်ခံသူများက မတ်လ ၁ ရက် ယမန်နေ့ နေ့လည် ၁၁ နာရီခန့်မှ စတင်ကာ ကသာမြို့အမှတ် ၄ ရပ်ကွက်၊ လမ်းမတော်လမ်းရှိ အမှတ် ၂ ရဲစခန်းဝင်းတွင် မိုင်းဖောက်ခွဲနည်း လက်တွေ့သင်တန်းများ ပို့ချပေးလျှက်ရှိကြောင်း သိရသည်။
“နေ့လည်လောက်မှာ ဗုံးပေါက်သလို အသံတွေစကြားရတယ်။ ဆက်တိုက်ပဲ တိုက်ပွဲဖြစ်တယ်ထင်လို့ လူတွေထိပ်လန့်ကုန်တယ် နောက်တော့မှ သူတို့သင်တန်းပေးနေတယ်ဆိုတာ သိရတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။
ကသာမြို့တွင် လွန်ခဲ့သည့်လများ၌ နေ့စဥ်ဆိုသလို ဌာနဆိုင်ရာဝင်းနှင့် အဆောက်အဦးများတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ရှိခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ဖော်ဖော်ဝါရီ ၂၁ ရက်နေ့ ည ၇ နာရီဝန်းကျင်က ကသာမြို့ ဗိုလ်ချုပ်ရုပ်တုအနီးရှိ စည်ပင်ဝင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စကစမှ မြို့တွင်းအရံအင်အားဖြည့်တင်းရန် ပျူစောထီးနှင့် တပ်ထောက်ခံသူများအား ယခုကဲ့သို့ မိုင်းသင်တန်းများ စတင်ပို့ချပေးခြင်းဖြစ်နိုင်ကြောင်း ဒေသသတင်းအရင်းအမြစ်မှ သိရသည်။
အဆိုပါမိုင်းသင်တန်းတွင် ပါဝင်တက်ရောက်ရန် စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့မှစတင်ကာ ကသာမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများ၌ တစ်ရွာလျှင် လူအင်အား ၂၀ တောင်းဆိုထားပြီး ဒေသသတင်း အရင်းအမြစ်ထံမှ သိရသည်။
ထို့အပြင် ယမန်နေ့ ည ၇ နာရီဝန်းကျင်၌လည်း ကသာမြို့ ရပ်ကွက် ၄ ၊ တင်းနစ်ကလပ်အနီးရှိ ကသာခရိုင် မြေစာရင်းရုံးရှေ့တွင် ဗုံးတစ်လုံး ပေါက်ကွဲသွားကြောင်း သိရသည်။
“ညဦးအစောပိုင်း ၇ နာရီဝန်းကျင်လောက်ဖြစ်မယ်ဗျ။ အုန်းကနဲ့အသံတချက်ကြားရပြီး လမ်းပေါ်ဘယ်သူမှ မထွက်ရဲကြတော့ဘူး အရင်တခါ ဟိုတစ်ယောက်လို အပစ်ခံရမှာကြောက်တယ်” ဟု အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။
အဆိုပါ ပေါက်ကွဲမှုတွင် လူသူ ထိခိုက်ပျက်စီးမှု ရှိမရှိ သီးခြားအတည်မပြုနိုင်သေးပါ။