သတင်း

NLD ကချင်ဝန်ကြီးချုပ်အပါ ဝန်ကြီးများကို စွဲဆိုသော အဂတိအမှု အမိန့်ချမည့်ရက် ရွှေ့ဆိုင်း

ဖမ်းဆီးခံ NLD အစိုးရ၏ ကချင်ပြည်နယ် ဝန်ကြီးချုပ် ‌ဒေါက်တာခက်အောင်အပါအဝင် ပြည်နယ် ဝန်ကြီး‌ ၇ ဦး ကို စွဲဆိုထားသည့် ပုဒ်မ ၅၅ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မအတွက် အမိန့်ချမည့်ရက်ကို ထပ်မံ ရွှေ့ဆိုင်းလိုက်ကြောင်း NLD ပါတီ ပြည်နယ်အလုပ်အမူဆောင်ထံမှ သိရသည်။

ဝန်ကြီးချုပ်အပါ ဝန်ကြီးများကို ဧပြီလ ၈ရက်နေ့ အမိန့်ချမှတ်မည်ဟု စစ်ကောင်စီဘက်မှ ချိန်းဆိုခဲ့သော်လည်း ဧပြီလ ၂၂ ရက်နေ့သို့ ထပ်မံပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

“အမိန့်ချမယ်ကြားလို့ ကျနော်တို့လည်း ရသလောက်ဆက်သွယ်ကြည့်လိုက်တော့ မနေ့ကအမိန့်ချတာ မတွေ့ရဘူး ဧပြီလ ၂၂ ရက်နေ့ ထပ်ပြီးရွှေ့လိုက်တယ်လို့ သိရတယ်” လို့ NLD ပါတီပြည်နယ်အလုပ်အမူဆောင်က ပြောသည်။

ဒေါက်တာခက်အောင်နှင့်အတူ ပြည်နယ်ဝန်ကြီးများကို ၂၀၂၁ ခုနှစ် စစ်တပ် အာဏာစသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက် နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးထားပြီး ယနေ့အထိ အဂတိတိုက်ဖျက်ရေးပုဒ်မ ၅၅ အပါအဝင် ပုဒ်မအမျိုးမျိုးဖြင့် စစ်ကောင်စီမှ တရားစွဲဆိုထားသည်။

“အချိန်တွေဆွဲနေတယ်ဆိုတာ အပြစ်မရှိလို့ဘဲလို့ ကျနော်တို့သုံးသပ်တာဘဲလေ ပြောရရင်လူတွေကို အရင်ဖမ်းပြီးနောက်မှ အမှုကစွဲတာကိုး အပြစ်ရှိလို့ဖမ်းတာ မဟုတ်ဘူး။ လူတွေကို လိုရမယ်ရ အရင်ဖမ်းထားပြီးမှ သူတို့ကိုဘာနဲ့အမှု စွဲရမလဲဆိုတာကို နောက်မှ အမှုလိုက်ရှာပြီးသပ်တယ်လို့ ကျနော်တို့က သုံးသပ်တယ်” ဟု NLD ပါတီကချင်ပြည်နယ်၏ အမည်မဖော်လိုသူ ပြည်နယ်အလုပ်အမှုဆောင်တစ်ဦးက သုံးသပ် ပြောဆိုသည်။

အဂတိတိုက်ဖျက်ရေးပုဒ်မ ၅၅ ဖြင့် စွပ်စွဲခံထားရခြင်းမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးများသည် တာဝန်ထမ်းဆောင်နေစဉ်အတွင်း နိုင်ငံတော်ရန်ပုံငွေများအား အလွှဲသုံးစားလုပ်၍ အသုံးပြုခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံးများတည်ဆောက်ရန် စီးပွားရေးလုပ်ငန်းရှင်များထံ ငွေကြေးတောင်းခံမှုများ ပြုလုပ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း စစ်ကောင်စီ၏ အဂတိတိုက်ဖျက်ရေးကော်မရှင်မှ ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးချုပ် ဒေါက်တာခက်အောင် သည်လည်း ရာထူးတာဝန်ထမ်းဆောင်စဉ် တရားမဝင်သိမ်းဆည်းရမိသည့် သလင်းကျောက်များအား ကာလပေါက်ဈေးအတိုင်း ရောင်းချခြင်းမပြုဘဲ ဈေးလျှော့ရောင်းချမှု၊ ရောင်းချသည့်ငွေများထဲမှ ၂၀ရာခိုင်နူန်းအား ပြည်ထောင်စုဘဏ္ဍရန်ပုံငွေထဲသို့ ပေးသွင်းခြင်းမရှိသည့်အမူ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဧည့်ဂေဟာရုံး တည်ဆောက်ရန် ၁၄၉ ၂.၄ အသုံးပြုခြင်းအမူ၊ မြစ်ကြီးနားမြို့ပေါ် လမ်းလုပ်ချိန်တွင် လုပ်ထုံးလုပ်နည်းအတိုင်း တင်ဒါခေါ်ယူခြင်းမရှိဘဲ ပုဂ္ဂလိကကုမ္ပဏီတစ်ခုကိုသာ လုပ်ပိုင်ခွင့်ပေးခြင်းတို့ ပါဝင်သည်။

ထို့အပြင် ပြည်နယ်စီးပွားရေးဝန်ကြီး ဦးဝေလင်းသည်လည်း မိုးကောင်းမြို့နယ်ပါတီရုံးဆောက်ရန် စီးပွားရေးလုပ်ငန်းရှင်များမှ သိန်း ၃၀၀တောင်းယူခြင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ‌ဦးဝင်းညွှန့်သည် ဝိုင်းမော်NLD ပါတီရုံးဆောက်ရန် လုပ်ငန်းရှင်များမှ သိန်း ၂၀၀ တောင်းယူခြင်းနှင့် နေပြည်တော်ရှိ NLD ပါတီရုံး သုတေသနရုံးအတွက် ၂၅၀တောင်းယူခြင်း၊သယံဇာတဝန်ကြီး ဦးဒရှီလဆိုင်း ဖားကန့်ပါတီရုံးဆောက်ရန် လုပ်ငန်းရှင်များမှ သိန်း ၉၄၀ တောင်းယူခြင်း တို့ပါဝင်ကြောင်းလည်း ဖော်ပြထားသည်။

အလားတူ နယ်စပ်ကုန်သွယ်ရေးကဏ္ဍမှ အသီးဖာများ၊ငွေများစုစုပေါင်း ၂၁သိန်းလာဘ်အဖြစ်လက်ခံခြင်း၊ လိုင်စင်မဲ့မော်တော်ယာဉ် ၂၃ စီးအတွက် အကြီးစားပြင်ဆင်စရိတ် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ နှစ်အတွင်း ၂၁၉ သန်းကျော်သုံးစွဲခြင်း၊ ဝိုင်းမော်- ကန်ပိုက်တည်လမ်းတွင် ဖမ်းဆီးရမိသည့်တရားမဝင်မြေဩဇာများအား လေလံတင်ရောင်းချရာ ရရှိသည့် ၅၂၅ သန်းမှ ၅၇ သန်းရာယူခြင်း၊ အသီးဖာများ၊ ငွေများစုစုပေါင်း ၂၁သိန်းအား လာဘ်အဖြစ်လက်ခံခြင်းတို့လည်း ပါဝင်သည်။

လက်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ စွပ်စွဲတရားစွဲဆိုခံထားရသည့် ဝန်ကြီးများမှာ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပါအဝင် လူမှုရေးဝန်ကြီး ဦးနေဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်း၊ ဘဏ္ဍာအခွန် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ လျှပ်စစ်နဲ့စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် ၊ သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ဝန်ကြီး ဦးဒါရှီလဆိုင်း ၊ ကချင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်တို့ဖြစ်ကာ ပုဒ်မ ၅၅အပါအဝင် သီးခြားစွဲဆိုထားသည့်အမူများမှာ တစ်ဦးလျှင် ၂ခုနှင့် ၆ခုဝန်းကျင်တွင်ရှိသည်။

Show More

Related Articles

Back to top button