သတင်းသတင်းဆောင်းပါး

ကိုဗစ်ကာလ တရုတ်နယ်စပ် ကချင်စစ်ရှောင်စခန်းမှ အမျိုးသမီးများ၏ အခက်အခဲ

ကလေး ၅ ယောက် မိခင် ဒေါ်အင်ခွမ်ရွယ်ဂျီးတစ်ယောက် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကို ပိုင်းခြားထားတဲ့ ချောင်းကလေးရဲ့ တစ်ဖက်ကမ်းကို ကြည့်ရင်း တနေ့တနေ့ လုံလုံလောက်လောက် စားသောက်နိုင်ဖို့ နေ့စဉ် ရုံးကန်နေရတာကိုတွေးရင်း မှိုင်တွေ နေပါတယ်။

သူမဟာ တရုတ်-မြန်မာနယ်စပ် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့စွန်မှာရှိတဲ့ ဖွမ်လွမ်ယန် (Hpun Lum Yang) စစ်ရှောင်စခန်းတစ်ခုမှာ မိသားစု ၇ ယောက် နဲ့အတူ နေထိုင်နေတာဖြစ်ပါတယ်။ လက်ရှိ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် စစ်ရှောင်စခန်း အပြင်ဖက် သွားလာရေးခက်ခဲမှုနှင့် ငွေကြေးရှာဖွေ စားသောက်မှု ခက်ခဲနေတယ်လို့ သိရပါသည်။

ဧက ၃၅ ဧကခန့် ကျယ်ဝန်းသည့် ဖွမ်လွမ်ယန်စစ်ရှောင်စခန်းရှိ နေအိမ်များကို ဝါးထရံများ ၊ အထပ်သားတို့နှင့် တွဲဖက်ဆောက်လုပ်ထားသော ကျောချင်းကပ် အိပ်ခန်းတွဲများဖြစ်ပြီး  အိမ်ခန်းတစ်ခန်းကို ၉ ပေ ပတ်လည်ဖြင့် အိမ်ထောင်စု တစ်စုစီ နေထိုင်ကြရတာ ဖြစ်ပါတယ်။ ဒီစခန်းမှာ မိမိနေရပ်ကိုမပြန်နိုင်သေးတဲ့ စစ်ရှောင် အိမ်ထောင်စု (၆၇၆)စု ရှိနေပါသေးတယ်။

ဒေါ်အင်ခွမ်ရွယ်ဂျီး (Nhkum Roi Ji) မိသားစုတွေဟာ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီ နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲတွေကြောင့် လဝါယန် ကျေးရွာကနေ လိုင်ဇာမြို့ဈေးကွင်း စစ်ရှောင်စခန်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ဈေးကွင်းစစ်ရှောင်စခန်းမှာ လက်နက်ကြီးများ ထပ်မံပစ်ခတ်ခံခဲ့ရတာကြောင့် ၂၀၁၅ ခုနှစ်မှာတော့ ဖွမ်လွမ်ယန် စစ်ရှောင်စခန်းကို မိသားစု ၇ ယောက်အတူ ပြောင်းရွှေ့နေထိုင် ခဲ့တာပါ။

သူမဟာ သား ၃ ယောက် ၊ သမီး ၂ ယောက် မိခင်ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူက စစ်မှုထမ်းမို့ သား၊ သမီး ၅ ယောက်ရဲ့ စားရေးသောက်ရေးတွေကို သူမတစ်ဦးတစ်ယောက်ထဲ စစ်ရှောင်စခန်းအပြင်ဖက် နေ့စားအလုပ်ထွက်လုပ်ပြီး ငွေကြေးရှာဖွေ ကြိုးစားရုန်းကန် နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲ မဖြစ်ပွားမီအချိန်က မိသားစု တနိုင်တစ်ပိုင် ဝက်နဲ့ ကြက်တွေ မွေးမြူခဲ့ကြပြီး ၊ တောင်ယာစိုက်ခင်းများ စိုက်ပျိုး လုပ်ကိုင်ခဲ့ကြပါတယ်။ ယခင်က ဒေါ်အင်ခွမ်ရွယ်ဂျီးတစ်ယောက် ငှက်ပျောခြံ နဲ့ ကော်ဖီခြံ တွေမှာ နေ့စားအလုပ် ထွက်လုပ်ပြီး ငွေကြေးရှာဖွေခဲ့ပေမယ့် လက်ရှိ Covid-19 ရောဂါ ကြောင့် စစ်ရှောင်စခန်း အပြင်ဖက် လုပ်ငန်းခွင် နည်းပါးလာတာကြောင့် အစားအသောက် ၊ ငွေကြေးတွေ ပိုမိုခက်ခဲနေတယ်လို့ ဆိုပါတယ်။

“ကျမက ကလေး ၅ ယောက်နဲ့ စစ်ရှောင်စခန်းကပေးတဲ့ ဆန် ၊ ဆီ ၊ ဆား ၊ ပဲတို့ နဲ့ မိသားစု ချွေတာပြီး စားနေကြတယ်။ ကိုဗစ်ရောဂါကြောင့် စစ်ရှောင်အပြင်ထွက် အလုပ်လုပ်လို့လဲမရ။ ကလေးတွေက အသားစားချင်တယ်ဆိုပြီးပြောပေမယ့် ကျမ မဝယ်ကျွေးနိုင်ဘူး။ အိမ်ရှေ့မှာ စိုက်ထားတဲ့ အရွက်တွေက ကျမတို့အတွက် ဟင်းတစ်ခွက်ပေါ့။ ဟိုနေ့က တရုတ်ကပေးတယ်ဆိုလားပဲ ငါးခြောက်ဝေပေးတယ်။ ဘယ်လိုမှကို စားလို့အဆင်မပြေဘူး။ ငန်လိုက်ဒါမှ လွန်ရော။ အခု (Health Properties Action-HPA) ကပေးတဲ့ ဆန်ထောက်ပံ့မှုရတယ်။ ဆန်တော့ လုံလောက်ပါတယ်။” ဟု ပြောသည်။

တရုတ်နယ်စပ် Hpun Lum Yang ကချင်စစ်ရှောင်စခန်းတစ်ခု

တရုတ်နယ်စပ်မှာ ရှိတဲ့ KIO/KIA ဌာနချုပ် လိုင်ဇာမြို့မှာ လူဦးရေ ၂ သောင်းခွဲ ရှိပါတယ်။ လိုင်ဇာမြို့ဟာ တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ် နှစ်နိုင်ငံအကြား ကချင်ပြည်နယ်ရဲ့ အဓိက ကုန်ပစ္စည်းများကို တင်ပို့ပေးနေတဲ့ ဂိတ်လည်း ဖြစ်ခဲ့ပါတယ်။

အဓိကတင်သွင်းသည့် ကုန်ပစ္စည်းတွေကတော့ အထည်အလိပ် ၊အိမ်ဆောက်ပစ္စည်းနှင့် ပရိဘောဂ ၊ဘီလပ်မြေ ၊အုပ်နီခဲ ၊သံ နှင့် ကုန်မာပစ္စည်းတွေ ၊ဓာတ်ဆီ နှင့် ဒီဇယ်ဆီ ၊ လျပ်စစ်ပစ္စည်းတွေ ၊စားသောက်ကုန် ၊အသီးအနှံ ၊ပင်လယ်စာ ၊ကား နှင့် ဆိုင်ကယ် ၊ ပရိဘောဂပစ္စည်းတွေ စသဖြင့် တင်သွင်းလေ့ရှိပြီး လိုင်ဇာဘက်က ပို့ကုန်အနေဖြင့် အဓိက တစ်သျူးငှက်ပျော နှင့် သံသတ္တုရိုင်းတွေကို တင်သွင်းခဲ့ဖူးပါသည်။ လက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေကြောင့် စားသောက်ကုန် တစ်ခုတည်းကိုသာ တင်သွင်းလျက်ရှိပါတယ်။

Covid-19 ရောဂါဖြစ်ပွားနေသည့်အတွက် ၂၀၂၀ ခုနှစ်ကစပြီး နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် ကုန်ဈေးနှုန်းများမြင့်တတ်လျက်ရှိသလို ၊ နေ့စားအလုပ်ထွက်လုပ်ရန်လည်း လုပ်ငန်းခွင်များမရှိတော့သည့် အတွက် စားရေးသောက်ရေးတွင် ပိုမိုခက်ခဲ လာတယ်လို့ ဆိုပါတယ်။

“ကျမ ကလေးတွေလည်း ၇ တန်း ကနေ ၁၀ တန်းထိပါတယ်။ ကိုဗစ်ကြောင့် အရာရာခက်ခဲတယ်။ ကုန်ဈေးနှုန်းကတတ် ကျမလည်း ဘာဝင်ငွေမှ မရှိ ကလေးတွေရဲ့စားဝတ်နေရေးက ပူရဒါနဲ့ ကလေးတွေ ပညာရေးနှောက်နှေးမှာကိုလဲ စိုးရိမ်တယ်။ ရောဂါတွေ မြန်မြန်ပျောက်ကွယ်သွားစေချင်ပြီ။” လို့ပြောပါတယ်။

ဖွမ်လွမ်ယန် စစ်ရှောင်စခန်းတွင် စစ်ရှောင် လူဦးရေ စုစုပေါင်း (၂၉၈၀) ဦး နေထိုင်ကြပြီး အဲဒီထဲမှာ အရွယ် မရောက်သေးတဲ့ အမျိုးသမီးငယ်တွေ၊ အရွယ်ရောက်ပြီးသားအမျိုးသမီးငယ်တွေ နဲ့ သက်ကြီးပိုင်းအမျိုးသမီး စုစုပေါင်း (၁၆၇၃) ယောက် အထိ ပါဝင်နေပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ အမျိုးသမီးဦးရေ များပြားတာကြောင့် လစဉ်သုံး (pad) ထုတ်တွေဟာ လစဉ်လတိုင်း လိုအပ်ချက်ရှိနေတယ်လို့ ဖွမ်လွမ်ယန်စစ်ရှောင်စခန်းမှ အမျိုးသမီးတာဝန်ခံ ဆရာမ ကိုင်ထန်က ပြောပါတယ်။

လက်ရှိထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းတွေကလည်း pad ထုတ်တွေကို ထောက်ပံ့မှုအားနည်းနေတယ်လို့ စစ်ရှောင်စခန်းက အမျိုးသမီးတွေကပြောကြပါတယ်။

“ထုတ်တော့ထုတ်ပေးပါတယ်။ သိတဲ့အတိုင်းပဲ အိမ်ထောင်တစ်စုမှာ အမျိုးသမီးက ပိုများတယ်လေ။ ကိုဗစ်ကြောင့် အပြင်ကထွက်မရတာနဲ့ လစဉ် မသုံးမနေရဆိုတော့ ပိုက်ဆံမရှိလဲ ထောက်ပံ့ပေးတဲ့ pad အထုတ်တွေက မလောက်တော့ အပြင်မှာ တစ်ဆွဲကို မြန်မာငွေ ၁ သောင်းကျော် ပေးပြီး ဝယ်သုံးနေရတယ်လို့ပြောပါတယ်။” လို့ ဆိုပါတယ်။

တရုတ်နယ်စပ် Hpun Lum Yang ကချင်စစ်ရှောင်စခန်းတစ်ခု

ဖွမ်လွမ်ယန်စစ်ရှောင်စခန်းတွင် NGO အဖွဲ့အစည်းများမှ ဆောက်လုပ်ပေးထားသည့် အိမ်သာ ၄၀၁ လုံး နှင့် ရေချိုးခန်း ၂၂ ခန်း ၊ ရေကန်ကြီး ၈ ခု နှင့် ရေတွင်း ၅ ခု ကို နေအိမ်အလိုက် အပိုင်း ၆ ပိုင်းသတ်မှတ်ထားပြီး အမျိုးသမီးနှင့် အမျိုးသားအသုံးပြုရန် ခွဲခြားသတ်မှတ်ပြီး အသုံးပြုနေကြရသည်။

စစ်ရှောင်စခန်းအတွင်း အမျိုးသမီးဦးရေများတာကြောင့် ရေချိုးခန်းအသုံးပြုရာတွင် လုံလောက်မှုမရှိတာကြောင့် အမျိုးသားများ သတ်မှတ်နေရာထိပါ သွားရောက်ဆေးကြောသန့်စင်မှုများ ပြုလုပ်ကြတယ်လို့ ဖွမ်လွန်ယန်စစ်ရှောင်စခန်းက အမျိုးသမီးတာဝန်ခံ ဆရာမ ကိုင်ထန်က ပြောပါတယ်။

“တစ်ခါတစ်လေတော့ ကလေးများတဲ့ မိသားစုဆိုရင် အဝတ်လျော်ဖို့အတွက် နေရာစောင့်ရတာ ကြာလို့ အမျိုးသားတွေရဲ့ ရေချိုးခန်းတွေမှာ ဘယ်သူမှ မရှိတုန်း သွားပြီး ဆေးကြောသန့်စင်ယူရတယ်။ စစ်ရှောင်စခန်းမှာနေတာဆိုတော့ အခက်အခဲတော့ ရှိတာပေါ့။” ဟု ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်များတွင် လက်ရှိချိန်ထိ တစ်နေ့လျှင် တိုကင် ၂၀ ခုဖြင့် လူတစ်ဦးလျှင် ၃သိန်းကျပ် နှင့် တစ်ပတ်လျှင် တစ်ကြိမ် အကန့်အသတ်ဖြင့်သာ ထုတ်ယူခွင့် ပြုထားခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် ဘဏ်ငွေကြေးအကြပ်အတည်းကြောင့် IDP စစ်ရှောင်စခန်းတွေကို အခြေခံစားသောက်ကုန်များ လစဉ်ထောက်ပံ့ပေးနေတဲ့ NGO အဖွဲ့အစည်းနှင့် ဘာသာရေးအဖွဲ့အစည်းများအနေဖြင့် စားနှပ်ရိပ်ခါထောက်ပံ့မှုမှာ ကျန့်ကြာမှု ရှိခဲ့တယ်လို့ စစ်ရှောင်အမျိုးသမီး အဖွဲ့အစည်းများက ပြောပါသည်။

UNHCR ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်ကောင်စီ အာဏာသိမ်းပြီးသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါလမှ နိုဝင်ဘာလထိ မြန်မာနိုင်ငံအတွင်း စစ်ဘေးရှောင်ပြည်သူ (၂၆၆,၇၀၀) ဦး ထိရှိခဲ့ပြီး ကချင်ပြည်နယ်တွင် (၃,၆၀၀) ဦး ထိ ရှိခဲ့သည်။

လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များအပေါ် ကုလသမဂ္ဂပူးပေါင်း ဆောင်ရွက်ရေးရုံး UNOCHA ၏ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်အတွင်း စစ်ရှောင်ပြည်သူ စုစုပေါင်း (၅၇,၁၉၂) ဦး နှင့် အစိုးရထိန်းချုပ်နယ်မြေရှိ ကချင်စစ်ရှောင်ဒုက္ခသည် စုစုပေါင်း (၃၈,၁၄၉) ဦးထိရှိနေပြီး စစ်ရှောင်စခန်း စုစုပေါင်း (၁၃၄) ခု ရှိပါတယ်။

KIO ထိန်းချုပ်နယ်မြေအတွင်း စစ်ရှောင်စခန်း ၁၉ခု ၊ လူဦးရေ ၃၇၉၂၀ ကျော်ရှိပြီး ကချင်ဒေသ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ် မှ ၂၀၁၃ ခုနှစ်ထိ KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ရှောင်ပြည်သူများ၏ စားဝတ်နေရေးကို KIO အစိုးရမှ တာဝန်ယူခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ယခုလက်ရှိ အချိန်ထိ လူမှုအဖွဲ့အစည်းများမှ တာဝန်ယူထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ မှတ်တမ်းစာရင်းများအရ သိရပါသည်။

Show More

Related Articles

Back to top button