သတင်း

ကချင်ပြည်နယ် စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်တွင် အကျဉ်းသား ၂၀ ဦးပါဝင်

စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်တွင် ကချင်ပြည်နယ်မှ အကျဉ်းသား ၂၀ ဦးသာပါဝင်သော်လည်း အထိုအထဲတွင် နိုင်ငံရေးကြောင့် မတရားဖမ်းဆီးခံရသူများ မပါသေးကြောင်း သိရသည်။

ဧပြီလ ၁၇ ရက်နေ့ တစ်နိုင်ငံလုံးအတိုင်းအတာ လူဦးရေ ၁၆၀၀ ကျော်လွတ်ခဲ့သော်လည်း ကချင်ပြည်နယ်မှ ၂၀ ဦးသာ လွတ်ခဲ့ခြင်း ဖြစ်သည်။

မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ဖားကန့် စသည့် ထောင် ၄ ခုအနက် မြစ်ကြီးအကျဉ်းထောင်မှ အကျဥ်သား ၅ ဦးလွတ်မြောက်လာပြီး ထိုအထဲတွင် တပ်ပြေး ၃ ဦးနှင့် မူးယစ်မှုကြောင့် ၂ဦး ပါဝင်သည်ဟု မြစ်ကြီးနားမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးထံမှ သိရသည်။ မြစ်ကြီးနားမှာ လွတ်မြောက်လာသူ ၅ ဦးအနက် ၄ ဦးမှာ အမျိုးသားဖြစ်ပြီး အမျိုးသမီး တစ်ဦး ပါဝင်သည်။

မိုးညှင်းအကျဉ်းထောင်မှ ၁၆ ဦး လွှတ်လာရာတွင်လည်း ၅၀၅ ပုဒ်မဖြင့် ထောင်ကျနေသူများ မပါဝင်ကြောင်း မိုးညှင်း‌ဒေသခံတစ်ဦးက ပြောသည်။

“လွတ်လာတဲ့သူအားလုံးက အမျိုးသားတွေချည်းဘဲ ကျမတို့မျှော်လင့်ထားတဲ့ နိုင်ငံရေး အကျဉ်းသား ၅၀၅ တွေနဲ့ကျနေတဲ့သူတစ်ယောက်မှ မပါလာဘူး” ဟု မိုးညှင်းဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင် အကျဉ်းဦးစီး ထောင်ကြီး ၃ခုနှင့် အချုပ်ထောင် ၁ခုရှိရာ မိုးညှင်းအကျဉ်းထောင်နှင့် မြစ်ကြီးနားအကျဉ်းထောင်မှသာ လွှတ်ငြိမ်းခွင့်တွင် လွတ်မြောက်လာသူရှိသော်လည်း ဗန်းမော် အကျဉ်းထောင်တွင် တစ်ဦးတစ်ယောက်မျှ လွှတ်မြောက်လာခြင်း မရှိကြောင်း သိရသည်။

“ကျနော်တို့ ဗန်းမော်က ထောင်ကြီးမို့ လွှတ်တဲ့သူ ရှိမလားဆိုပြီး ဒီနေ့ထိစောင့်ကြည့်တယ် တစ်ယောက်မှ မလွှတ်လာဘူး” ဟု ဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဖားကန့်အချုပ်ထောင်မှ လွှတ်မြောက်စာရင်း သိရှိနိုင်ရန်သက်ဆိုင်ရာဌာနသို့ ဖုန်းဆက်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ဖားကန့်ဒေသခံအချို့နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ဆက်သွယ်မေးမြန်းရာတွင် ဖားကန့်အကျဉ်းထောင်မှ တစ်ဦးမှ လွှတ်မြောက်လာခြင်း မရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၁ နှစ်ဆန်းတစ်ရက်နေ့တွင်လည်း အကျဉ်းသား ၂၃၀၀၀ ကျော်ကို လွတ်ပေးခဲ့သည်။

ထို့ပြင် ၂၀၂၁ အောက်တိုဘာလတွင်လည်း စစ်ကောင်စီကို ဆန့်ကျင်ရင်း အကျဉ်းကျခံနေရသူများအပါအဝင် စုစုပေါင်း ၅၆၀၀ ကျော်၊ ဇွန်လတွင် ၂၂၀၀ ကျော် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပြီး ၂၀၂၂ ဖေဖော်ဝါရီလ ပြည်ထောင်စုနေ့တွင်လည်း အခြားပစ်မှုကြောင့် ထောင်ကျနေသူ ၈၀၀၀ ကျော်ကို လွတ်ပေးခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီ‌စောင့်ရှောက်‌ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် စစ်ကောင်စီတပ်မှ အာဏာစသိမ်းသည့် ဖေဖော်ဝါရီလမှစကာ ဧပြီလ ၁၅ရက်‌နေ့ထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၀၂၃၈ ဦးရှိရာ ယင်းမှ ၉၉၆ ဦးသည် ပြစ်ဒဏ်ချမှတ်ခံထားရပြီးဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button