သတင်း

တရုတ်ပြည်ကြီးရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အိမ်ပြန်ရန် အခက်အခဲဖြစ်နေ

တရုတ်ပြည်ကြီးသို့ အလုပ်သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ကိုဗစ်-၁၉ အကြောင်းပြချက်‌ကြောင့် အလုပ်လုပ်ခွင့်မရတော့သည့်အပြင် နေရပ်ပြန်ရန်လည်း အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။

“အမတို့က ကွမ်တုံးမှာ ရှိနေတာ အခြေအနေက အရမ်းကိုဒုက္ခရောက်တယ် ပြန်လို့လည်း မရဘူး။ ဒီဘက်မှာ သူဌေးတွေကလည်း အလုပ်မခေါ်ကြတော့ဘူး အလုပ်တွေမခေါ်ကြတဲ့အတွက် အလုပ်လည်းမရှိ ပြန်လို့လည်း မရဘူး” ဟု မြန်မာ ရွှေ့ပြောင်း လုပ်သား ၁ ဦးက ပြောသည်။

ပြည်တော် ပြန်ရန်အတွက် မှောင်ခိုကားများရှိသော်လည်း ယင်းကားများသည် ကချင်ပြည်နယ်နှင့်ထိစပ်နေသည့် တရုတ်နိုင်ငံပေါက်ရှန်းပြည်နယ် အထိသာရောက်ပြီး လမ်းတွင် စစ်ဆေးမူများသည့်အတွက် ဖမ်းဆီးခံရမည့် အခြေအနေရှိသဖြင့် စိုးရိမ်နေ‌ကြကြောင်း ၎င်းကဆက်ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးခံရပါက မိမိစရိတ်ဖြင့် ကွာရန်တင်းထပ်မံဝင်ရောက်ရသည့်အတွက် ပိုမိုခက်ခဲကြကြောင်း သိရသည်။

“ကွာရန်တင်းဝင်လည်း တချို့ဆိုလည်း ပိုက်ဆံမရှိကြတော့ဘူး နေစရာလည်းမရှိကြဘူး စားစရာလည်း မရှိကြတဲ့လူတွေလည်းအများကြီးပဲ”လို့ သူက ပြောပါတယ်။

နေရပ်ပြန်ရန်အတွက် သက်ဆိုင်ရာသံရုံးသို့ဆက်သွယ်‌ပေးရန် အကူအညီ‌တောင်းခံ‌သော်လည်း ကူညီမပေးနိုင်ကြောင်း၊ နေရပ်ပြန်ချင်ပါက တရုတ်ရဲထံသွားရောက်အဖမ်းခံကြဖို့သာ ဖြေကြားခဲ့ကြောင်း သိရသည်။

“စီးပွားရေး အဆင်မပြေလို့ တရုတ်ပြည်မှာ အလုပ်သွားလုပ်တာ ကျနော့သားက အဖမ်းခံရတာ တနှစ်ပြည့်ပြီ။ ဘာပဲ ဖြစ်ဖြစ် သံရုံးကိုလည်း ကျနော်တို့ အကူ အညီ တောင်းကြည့်တော့လည်းမရပါဘူး။ ဘာမှ ကျနော်တို့က ဘယ်လိုမှလှုပ်ရှားလို့ မရပါဘူး။ ဒီတိုင်းပဲထိုင်ကြည့်နေတဲ့သဘောပါ” ဟု မြန်မာ လုပ်သား ၁ ဦး၏ ဖခင်က မြန်မာဘက်ခြမ်းကနေ ညွှန်ကြားချက်အတိုင်းလုပ်ရန် အဆင်မပြေ ဖြစ်နေကြောင်း ပြောသည်။

ယခင်နှစ် သံရုံးအကူအညီနှင့် လွတ်‌မြောက်လာသူတစ်ဦး၏ပြောဆိုချက်အရ တရုတ်နိုင်ငံ၊ ပေကျင်း မြို့ရှိ မြန်မာသံရုံးလက်အောက် နယ်မြေများတွင် ချိတ်ဆက်အကူအညီရဖို့ လွယ်ကူ‌သော်လည်း နန်နင်း နဲ့ ကူမင်းရှိ မြန်မာကောင်စစ်ဝန်ရုံးများ၏ လက်အောက်ခံနယ်မြေများတွင်မူ အကူအညီရဖို့ ခက်ခဲကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ကိုဗစ်ရောဂါအကြောင်းပြချက်ကြောင့် စက်ရုံများတွင် လုပ်သားလျော့ချမူများရှိလာသည့်အတွက် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် အလုပ်လုပ်ကိုင်ခွင့် ပိုမိုနည်းပါးလာကြောင်း သိရသည်။

Show More

Related Articles

Back to top button