Covid-19သတင်း

လိုင်ဇာမှာ ၅ နှစ် မှ ၁၂ နှစ်ကြား ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေ

ကချင် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ရှိ အသက် ၅ နှစ် မှ ၁၂ နှစ် ကြား အရွယ်ကလေး ၄၄၀ ဦးမှာ SINOPHARM ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင့် လိုင်ဇာ ကိုဗစ်ကာကွယ်ရေး ကော်မတီမှ သိရသည်။

လိုင်ဇာမြို့နေ ပြည်သူများအား ကိုဗစ်ရောဂါလက္ခဏာ ရှိမရှိ ပုံမှန်စစ်ဆေးမှု ပြုလုပ်ပြီးနောက် အသက် ၅ နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သည့် ကလေးများကိုသာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးပြီး ဖြစ်ကြောင်း ကိုဗစ်-၁၉ ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝမ် က KNG ကို ပြောသည်။

“ကျနော်တို့ ဈေးရောင်းတဲ့ ဈေးသည်တွေကိုဆို ပုံမှန် swab စစ်တယ်။ ကာကွယ်ဆေးထိုးမယ်ဆိုလည်း ကျန်းမာရေးကောင်းလား အရင်စစ်ကြည့်တယ်။ ကျန်းမာရေးကောင်းတယ်ဆိုမှ ကာကွယ်ဆေးထိုးပေးတယ်။ ဆေးထိုးပေးနေတာတော့ အရင်လကတည်းကပဲ။ ကျနော်တို့ ဆေးက SINOPHARM ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးပေးတယ်။ လောလောဆယ်တော့ ၁၀ တန်း စာမေးပွဲတွေရှိလို့ ကာကွယ်ဆေးထိုးပေးတာတွေ ခဏ ရပ်ထားတယ်” ဟု ဆိုသည်။

ကိုဗစ်ကာကွယ်ဆေးကို လတ်တလော အဆုတ်တီဗီဆေးသောက်နေသူ ၊ နာတာရှည်ရောဂါရှိသူ ၊ မွေးရာပါနှလုံးရောဂါရှိသူ ၊ HIV ပိုးရှိသူ နှင့် ရာသီတုတ်ကွေး နှာစီးချောင်းဆုံးဖြစ်နေသူများမှအပ ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေးထိုးပေးခြင်း ဖြစ်သည်။

“ကိုဗစ်ကာကွယ်ဆေးကတော့ ဘယ်အသက်မရွယ်ပဲ ထိုးထိုး ကျနော်တို့ သတ်မှတ်ချက်တစ်ခုထဲပဲ။ နှလုံးမကောင်းတဲ့သူတွေကို မထိုးဘူး။ HIV ကူးစက်ခံရသူတွေကိုလည်း မထိုးဘူး။ ရာသီတုတ်ကွေး နှာစီးချောင်းဆိုး ဖြစ်နေတဲ့သူတွေကို မထိုးဘူး။ အဆုတ်တီဗီ ဖြစ်နေတဲ့သူတွေ နာတာရှည်ရောဂါဖြစ်နေတဲ့သူ ဆေးစားနေတဲ့သူတွေကို မထိုးပေးဘူး။” ဟု ကိုဗစ်-၁၉ ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝမ် က ဆိုထားသည်။

လက်ရှိ လိုင်ဇာ ၊ ဒွမ်ဘုမ်း ၊ ဖာလပ် ၊ ပါဂျောင် ၎င်းနေရာများရှိ အသက် ၅ နှစ်ပြည့်ကလေးများကို တရုတ်နိုင်ငံထုတ် SINOPHARM ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူ ကျား (၄၂၄) ဦး နှင့် မ (၄၄၀) ဦး စုစုပေါင်း ၈၆၄ ဦးရှိပြီ ဖြစ်ပြီး အကြိမ်ပြည့် ထိုးပြီးသူ လူဦးရေ ၂ သောင်း ဝန်းကျင်ခန့်ရှိပြီ ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် အိုမီခရွန် – Omicron အမျိုးအစား covid-19 ပိုး ကူးစက်ခံရသူများ စုစုပေါင်း ၅ ဦး ဝန်းကျင်ရှိနေသော်လည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် မိုင်ဂျာယန်မြို့တွင် ပိုးတွေ့လူနာထပ်တိုးခြင်း မရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button