သတင်း

စက်ဆီစျေးနှုန်းမကျသေးသဖြင့် နောင်မွန်ဒေသခံများ လယ်ယာလုပ်ငန်း မစနိုင်သေး

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်ဒေသတွင် စက်သုံးဆီစျေးနှုန်း မြင့်တက်နေဆဲအခြေအနေကြောင့် စက်ယန္တရားဖြင့် လယ်ယာလုပ်ငန်းစတင်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

နောင်မွန်ဒေသတွင် နှစ်စဉ် ဧပြီလတွင် လယ်လုပ်ငန်းများ စတင်လုပ်ကိုင်ပြီဖြစ်သော်လည်း ယခုနှစ်တွင်မူ စက်သုံးဆီစျေး အဆမတန် မြင့်တက်နေသဖြင့် လက်ရှိအချိန်အထိ လယ်ယာလုပ်ငန်းများ မစတင်နိုင်သေးကြောင်း နောင်မွန်ဒေသခံတစ်ဦးက KNG သတင်းဌာန သို့ ပြောသည်။

“နောင်မွန်မှာ စက်နဲ့ပဲ လယ်လုပ်လာတာ အခုဆိုရင် ၃ နှစ်ဝန်းကျင် လောက်ရှိလာပြီ။ ကျွဲ၊ နွားတွေတော့ ရှိတယ်။ ဒါပေမယ့် မသုံးတာ ကြာပြီ။ အခုနောက်ပိုင်းက စက်နဲ့ပဲ လုပ်ကြတော့တယ်။ ဒီနှစ်က စက်နဲ့ လုပ်ဖို့က ဆီဖိုး မတတ်နိုင်ကြဘူး။ တတ်နိုင်တဲ့ တစ်ချို့ လောက်ပဲ ဝယ်ယူနေကြတယ်။ ဝင်ငွေလည်း မရှိတော့ အများက ဆီဖိုးမတတ်နိုင်ကြတော့ အခုချိန်အထိ လယ် မဝင်ရသေးဘူး” ဟု ပြောဆိုသည်။

ထို့နောက် စက်သုံးဆီ စျေးနှုန်း မြင့်တက်သွားသည့်နောက်ပိုင်း နောင်မွန်မြို့မှ ပူတာအိုမြို့ပေါ်သို့ အသွားအပြန် တစ်ခေါက်တွင် မြန်မာကျပ်ငွေ ၁သိန်းခွဲ အထိ ကုန်ကျသွားသည့်အတွက် သွားလာရေးပိုင်မှာလည်း ပြဿနာ အခက်အခဲ ကြုံတွေ့နေရကြောင်း သူက ဆက်ဆိုထားသည်။

“အရင်တုန်းက ဆီစျေးတွေ မတက်ခင်တုန်းကတော့ နောင်မွန်ကနေ ပူတာအိုကိုသွားရင် အလွန်ဆုံးကုန်ရင် ၅၀၀၀ အထိလောက်ပဲ ကုန်တာ။ အခုက အသွားကို ၄၅၀၀၀ ကုန်တယ်။ အပြန် ၃သောင်းကုန်တယ်။ စားတာသောက်တာ အပြီးအစီဆိုရင် ၁သိန်းခွဲ အထိဖြစ်လာတယ်။ အဲ့ကြောင့် အသွားအလာသိပ်မလုပ်ကြဘူး။ အရမ်းအရေးကြီးတဲ့ သူတွေလောက်ဘဲ သွားကြတာ။ ရေရှည်မှာ ဘယ်သူမှလည်းခံနိုင်မှာမဟုတ်ဘူး” ဟု ပြောဆိုသည်။

နောင်မွန်ဒေသတွင် ဓာတ်ဆီတစ်ဂါလံ ၂၀၀၀၀ ကျပ်ဝန်းကျင်နှင့် ဒီဇယ်တစ်ဂါလံ ၁၅၀၀၀ ကျပ်အထိရောင်းချနေပြီး စားသုံဆီ တစ်ပိသာတွင် ၁၅၀၀၀ ခွဲပေး ဝယ်နေရကြောင်း သိရသည်။

လက်ရှိနောင်မွန်ဒေသတွင် နေထိုင်သော ဒေသခံပြည်သူများသည် များသောအားဖြင့် ဝင်ငွေမရှိသည့်အပြင် ဆက်သွယ်ရေးနှင့် လမ်းပန်းဆက်သွယ် ရေးအလွန်ခက်ခဲသောကြောင့် စားဝတ်နေရေးကြပ်တည်းမှု များ ကြုံတွေ့နေရကြောင်းနှင့် စစ်ကောင်စီနှင့် ကြံ့ခိုင်ရေး၊ ပြည်သူ့စစ်နှင့် ဆက်နွယ်သော ပြည်သူတစ်ချို့သာ စားဝတ်နေရေးပြေလည်နေကြကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

ထို့ကြောင့် လာမယ့် မိုးတွင်းကာလတွင် လမ်းပန်းဆက်သွယ်ရေးများ ပိုမိုခက်ခဲလာနိုင်သည့်အတွက်အကြောင့် ကုန်စျေးနှုန်းများ ယခုထက် ၂ဆခန့် စျေးနှုန်းမြင့်တက်လာမည်ကိုလည်း ဒေသခံတစ်ချို့စိုးရိမ်နေသည်ကိုလည်း ဆက်လက်သိရပါသည်။

Show More

Related Articles

Back to top button