တိုက်ပွဲသတင်း

ဗန်းမောက်မြို့အဝင် စုပေါင်းဂိတ်တိုက်ခိုက်မှု စစ်ကောင်စီတပ် ၃ ဦးသေ

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့အဝင် စစ်ဆေးရေးဂိတ် ဧပြီလ ၂၆ ရက်နေ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ၃ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဂိတ်တွင် စစ်ကောင်စီတပ်သားများ၊ ရဲ၊ မီးတပ် နှင့် ကျန်းမာရေးဝန်ထမ်းများ ဂိတ်ထိုင်စစ်ဆေးလျက်ရှိပြီး ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်တွင် အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဒုရဲမှူးတစ်ဦး၊ ရဲတပ်သားတစ်ဦး၊ မီးသတ်တစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦး က KNG သတင်းဌာနသို့ ပြောသည်။

“အဲ့ဂိတ်က ဗန်းမောက်မြို့အဝင် ဆိုင်းဘုတ်နားမှာ ထိုင်ထားတာကတော့ ကိုဗစ်ကာလမှာ ကိုဗစ်-၁၉ စဖြစ်စစ်ဆေးဂိတ် ဟုတ်တယ်။ အခုအာဏာသိမ်းနောက်ပိုင်း စစ်သားနဲ့ရဲထိုင်တယ်။ အခုက အဲ့ဂိတ်မှာ ကာကွယ်ဆေး ထိုးပေးမယ်ပြောတယ်။ Nurse မတွေလည်း ထိုင်တယ် မနေ့ကတော့ရှင်းတယ်။ Nurse တွေ ဘာတွေမရှိဘူး” ဟု ပြောသည်။

နှစ်ဖက်တပ်ကြား ၂၅ မိနစ်ခန့်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး G3 အမျိုးအစားသေနတ် နှစ်လက်နှင့် G3 ကျည် ၇၇ထောင့် ခြောက်လုံးပြူးတစ်လက် ၊ ကျည်ခြောက်ထောင့် ဖုန်းနှစ်လုံး အိုင်ကွန် တစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့ပြီး ပတ်ဝန်းကျင်ထိခိုက်မှု အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။

“ပစ်တာခတ်ကရှိတော့ အဲ့နားကဆီဆိုင်တွေပေါ့။ ကျည်ဆံတွေထိပြီးတော့ မီးလောင်သွားတယ်နှစ်ဆိုင် ဆီဆိုင်က အကြီးကြီးတော့ မဟုတ်ဘူး သေးသေးလေးပဲ ပုံးတွေနဲ့ရောင်းတဲ့ဆီဆိုင်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းစစ်ဆေးရေးဂိတ်တွင် ရဲနဲ့စစ်သားများ ကား၊ ဆိုင်ကယ်များအား စစ်ဆေးခြင်း လက်ကိုင်ဖုန်းများစစ်ဆေး ခြင်းများ ပြုလုပ်လျက်ရှိပြီး ယနေ့တွင် ယင်းဂိတ်၌ မည်သည့် ဌာနမှ ဂိတ် မထိုင်တော့ကြောင်းသိရသည်။

အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် လွန်ခဲ့သည့် ဧပြီ ၃ ရက်နေ့ကလည်း အင်းတော် – နန့်စီးအောင် လမ်းအသုံးပြုခကောက်ခံသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button