လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ထီးချိုင့် ဧရာဝတီမြစ်အရှေ့ဘက် ဒေသခံပြည်သူပိုင် ပစ္စည်းများကို စစ်ကောင်စီတပ် လိုက်လံဖျက်ဆီးနေ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် ထိုးစစ်ဆင်ထားသော စစ်ကောင်စီတပ်များသည် ပြည်သူပိုင်ပစ္စည်းများကို လိုက်လံ ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၅ ရက်နေ့ နောက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်သည် စစ်ကြောင်း ၃ ကြောင်းဖြင့် ဧရာဝတီမြစ်ရှေ့ဘက်ကမ်းကျေးရွာများဖြစ်ကြသော အင်ဒေါင်းရွာ၊ ဝဲကြီးရွာ၊ ကြက်တကောင်းရွာ နှင့် ထီးချိူင့် မြို့နယ်ဖြင့် ထိစပ်နေသည့် ကသာမြို့နယ် အင်းရွာများတွင် ထိုးစစ်ဆင်လာချိန် ပြည်သူများ၏ အခင်းတဲ၊ နေအိမ်၊ လယ်ယာသုံးပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မှ KNG သို့ ပြောသည်။

“စစ်ကြောင်း ထိုးလာပြီးမှ အခင်းမှာရှိတဲ့ အခင်းတဲတွေ သုံးဆယ်ခန့် မီးရှို့ပြီးတော့ လယ်ယာသုံးစက်ပစ္စည်းတွေ ကြံခင်းတွေရှို့ခံရတယ်။ မြစ်ရဲ့ရှေ့ဘက်ကမ်း အင်ဒေါင်း၊ ကြက်တကောင် ဝဲကြီးကျေးရွာတွေထဲက ဟုတ်တယ်”ဟု ၎င်းက ပြောသည်။

အလားတူ ယင်းစစ်ကြောင်းသည် ဧရာမြစ်ရှေ့ဘက်ကမ်း အင်းရွာကျေးရွာမှ လူနေအိမ် လေးလုံးနှင့် ဗလီ တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ထီးချိုင့် PDF တာဝန်ရှိသူက ဆက်ပြောသည်။

“လွန်ခဲ့တဲ့ ရှေ့တစ်ရက်နေ့က ဒီကနေပြန်လည့်သွားတဲ့ အဲ့စစ်ကြောင်းပဲ အင်းရွာထဲက လူနေအိမ်လေးလုံးနဲ့ ဗလီတစ်လုံးကိုလည်း မီးရှို့သွားတယ်လို့ သတင်းပေးလာတယ်ဗျ”ဟု ၎င်းက ပြောသည်။

ယင်း စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းအထိ အင်ဒေါင်း၊ အင်းရွာ၊ ဝဲကြီး၊ ကြက်တကောင်းကျေးရွာအနီးတစ်ဝိုက်တွင် တပ်စွဲထားဆဲဖြစ်ပြီး လက်ရှိတွင် အထက်ဖော်ပြခဲ့သည့် ကျေးရွာနေ ပြည်သူ ၅၀၀ ခန့်သည် ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“မြစ်နောက်ဘက်ကမ်းက ရွာတွေမှာ တိမ်းရှောင်နေကြတယ်။ လိုအပ်တာတွေတော့ရှိတယ်။ အဓိက ကတော့ အခု မိုးစဝင်တာဆိုတော့ နေရာထိုင်ခင်းအတွက် မိုးကာတွေအဓိကလိုအပ်နေတယ်။ တခြားကတော့ ဒီဘက်ရွာတွေက တတ်နိုင်သလောက်ကူညီပေးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ယခုကဲ့သို့ စစ်ကြောင်း ထိုးနေသော်လည်း လတ်တလောတွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။

Show More

Related Articles

Back to top button