သတင်းအင်တာဗျူး

“ပြည်သူအားပေး ထောက်ခံတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ဖို့က အရမ်းအရေးကြီးတယ်။” မေးမြန်းချက်

ကွတ်ခိုင် ဇွပ်အောင် စစ်ရှောင်စခန်းမှာ ကိုးကန့်  MNDAA တပ်ဖွဲ့ တပ်ချနေထိုင်မှုနှင့် ပတ်သက်ပြီး အမျိုးသမီးအရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားနေသော KWAT ပြောခွင့်ရ မွန်းနေလီကို KNG က မေးမြန်းထားတာဖြစ်ပါတယ်။

Moon Nay Li

မေး – လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွက်ခိုင်မြို့ပြင်ဘက်က ဇွပ်အောင်( Zup Awng) စစ်ရှောင်စခန်းထဲမှာနဲ့ စခန်းပတ်ဝန်းကျင်မှာ ကိုးကန့် MNDAA  နဲ့ TNLA လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ တပ်ချနေထိုင်နေတယ်လို့ သိရတယ်။ ဆိုတော့ ဒီအရာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်သလဲ သုံးသပ်ပေးပါ။

ကြည့်လိုက်တာနဲ့ မသင့်တော်နေမှန်း အားလုံးတန်းသိတယ်။ ဘာကြောင့်ဆို စစ်ရှောင်ပြည်သူတွေနေတဲ့ စခန်းမှာ လက်နက်ကိုင်အဖွဲ့တွေ တပ်ချနေရင်း တိုက်ပွဲတွေဖြစ်လာနိုင်တယ်။ နောက်ပြီး တိုက်ပွဲဖြစ်ပြီဆိုရင်တော့ လက်နက်မရှိတဲ့ ပြည်သူတွေပဲ နစ်နာထိခိုက်တာဖြစ်တယ်။ စစ်ရှောင်ဆိုပြီး နေနေရတဲ့ စစ်ရှောင်စခန်းမှာကိုပင် တပ်ချနေတယ်ဆိုတာက ပြည်သူများရဲ့ လုံခြုံရေးကို ပိုထိခိုက်အောင် ဖြစ်စေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောချင်တယ်။ ဥပမာ အစိုးရအခြေအနေဆိုရင်တော့ ကာကွယ်ဖို့ဆိုတဲ့သဘောနဲ့ နေလို့ရတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေအရ လက်နက်စွဲကိုင်တော်လှန်နေတဲ့အဖွဲ့အနေနဲ့ကြည့်မယ်ဆို အချိန်မရွေးစစ်တပ်ဘက်က နည်းမျိုးစုံလုပ်လာနိုင်တယ်။

စစ်တပ်က လက်နက်ကြီးတွေ ပစ်လိုက်လို့ စစ်ရှောင်စခန်းတွေ ပျက်စီးကုန်တယ်၊ စစ်ရှောင်ပြည်သူများ ထိခိုက်ဒဏ်ရတယ်ဆိုရင်တောင် သူတို့က လက်နက်ကိုင်တပ်ဖွဲ့ ဒီအဖွဲ့၊ ဟိုအဖွဲ့တွေကိုပဲ ပစ်တယ်။ တိုက်ခိုက်တာပဲ ဖြစ်တယ်ဆိုပြီး စစ်တပ်အတွက် ပြောဖို့အခွင့်ကောင်း အင်အားပေးသလိုဖြစ်စေတယ်။ ဒါကြောင့် ဒီလိုအရာက လုံး၀ မသင့်တော်ဘူး။ ပြည်သူတွေကို လုံး၀ မလုံခြုံစေတဲ့ လုပ်ရပ်ဖြစ်တယ်။

မေး- ဆိုတော့ လက်နက်ကိုင်အဖွဲ့အစည်းတိုင်းမှာ ဘယ်လိုအရာတွေ လိုက်နာကျင့်သုံးရမယ် ဆိုတာလည်း ပြောပြပေးပါ။

နိုင်ငံအတွင်း တော်လှန်ရေးမှာဖြစ်ဖြစ်၊ တိုက်ပွဲတွင်းဖြစ်ဖြစ် နှစ်ဖက်တပ်ဖွဲ့ လက်နက်ကိုင်တိုင်း လက်နာရမဲ့ စည်းမျဉ်းစည်းကမ်း ကျင့်ဝတ်တွေရှိတယ်။ လိုက်နာကျင့်သုံးရမဲ့ ကျင့်ဝတ်တွေအများကြီးရှိတယ်။ တစ်ဖက်မှာ ပြည်သူတွေကို ကာကွယ်ဖို့ ကျင့်ဝတ်တွေလည်း အများကြီးရှိတယ်။ ဒီထဲမှာ တစ်ခုက ပြည်သူတွေနေတဲ့ ရွာဖြစ်မလား၊ စစ်ရှောင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် မြို့ကြီးနဲ့ ဘယ်လောက် ဝေးတဲ့နေရာမှာ မှ တပ်ချရမယ်ဆိုတာတွေပေါ့။ ပြည်သူတွေနဲ့ အတူနေပြီး သူတို့ကို လူသားဒိုင်း မပြုလုပ်ဖို့ ဒါတွေက နိုင်ငံတကာ တရားစည်းမျဉ်းစည်းကမ်းမှာ ခိုင်ခိုင်မာမာ ပြောထားတာရှိတယ်။ အခြားကျင့်ဝတ်တွေလည်း အများကြီးရှိတာပေါ့။

မေး – တစ်ဖက်မှာ စစ်ရှောင်ပြည်သူများအပေါ် လက်နက်ကိုင်တပ်ဖွဲ့များ လိုက်နာကျင့်သုံးရမဲ့ ကျင့်ဝတ်တွေက ဘယ်လိုအရာတွေဖြစ်မလဲ ပြောပြပေးပါ။

ခုဖြစ်စဉ်ပေါ်မူတည်ပြီး စစ်ရှောင်တွေဘက်က ပြန်ပြောမယ်ဆိုရင် သာမန်ပြည်သူတွေအပေါ်တောင် ဒီလောက်လိုက်နာရမဲ့ ကျင့်ဝတ်တွေဒီလောက်များတာ စစ်ရှောင်ပိုဆိုးပေါ့။ သူတို့က နဂိုကတည်းက စစ်ကြောင့် ထွက်ပြေးနေတယ်၊ ရှောင်ပြေးနေတယ် ဒီလိုကြုံနေတဲ့ IDP မဆို၊ Refugee မဆို သူတို့ရဲ့ လုံခြုံရေးကို ပိုပြီးကာကွယ်ပေးရမယ်။

ကာကွယ်ပေးရမလို၊ အစားအသောက်ကအစ၊ ဆေးဝါးကအစ အားလုံး ကူညီထောက်ပံ့ပေးရမယ်။ ဒါကြောင့် သူတို့ဆီကတစ်ဆင့် လက်နက်ကိုင်တပ်ဖွဲ့တွေက ပြန်လည် တောင်းခံတာတို့၊ ခြိမ်းခြောက်တာတို့ လုပ်တယ်ဆိုရင် ဒါက နိုင်ငံတကာ စံချိန်စံမြင့် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အင်မတန် ငြိစွန်းတယ်။ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်။ တစ်ဖက်မှာ စစ်ပြေးဒုက္ခခံစားနေရတဲ့ သူတွေကို ပိုပြီး ဒုက္ခရောက်အောင် ပြုလုပ်တဲ့ လုပ်ရပ်က နိုင်ငံတကာမှာ ဘယ်သူမှ လက်မခံနိုင်ဘူး။

နောက်ပြီး ဒီလိုဖြစ်စဉ်တွေရှိလာတယ်ဆိုရင်လည်း သက်ဆိုင်ရာ တာဝန်ယူဆောင်ရွက်ဖို့လိုတယ်။ တစ်နေ့ နိုင်ငံအေးချမ်းလာတဲ့အချိန် တရားမျှတမှုနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုလုပ်ငန်းစဉ်တွေ ပြုလုပ်လာချိန်မှာလည်း ဒီလိုဖြစ်စဉ်တွေကို ခိုင်မာစွာ တာဝန်ယူဆောင်ရွက်တတ်ဖို့က အရေးကြီးတဲ့အချက်ဖြစ်တယ်။ နောက်တစ်ခု စစ်ပြေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးရမယ်ဆိုတဲ့နေရာမှာ လက်နက်ကိုင်တပ်ဖွဲ့အမြောက်အများရှိတဲ့ထဲ အားလုံးက စစ်ပြေးဒုက္ခသည်တွေကို ကာကွယ်ဖို့နဲ့ အမျိုးသမီးတွေရဲ့ အသံ၊ အမျိုးသမီးတွေရဲ့ လုံခြုံရေးကိုကာကွယ်ပေးဖို့က တိုက်ပွဲတွင်းပါဝင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံး လိုက်နာဆောင်ရွက်ဖို့လိုတယ်။ အမျိုးသမီးများရဲ့ လုံခြုံရေးဆိုတာ အဓ္ဓမပြုကျင့်မှုတွေပါမယ်။ နည်းလမ်းမျိုးစုံဖြစ်နေတဲ့အခြေအနေတွေကို ကာကွယ်ပေးရမယ်။ အဲ့တာတွေ ခိုင်ခိုင်မာမာ ပြောထားတယ်။

နိုင်ငံတကာအဆင့်နဲ့ပြောရရင်၊ UN Security Council မှ ချမှတ်ထားတဲ့ ၁၃၂၅ ဒီထဲမှာဆိုရင် တိုက်ပွဲကြောင့် နစ်နာနေတဲ့ အမျိုးသမီးတွေ ဘယ်လို ကာကွယ်ရမယ်၊ ဘယ်လိုထောက်ပံ့ရမယ် ဆိုတာတွေ နိုင်ငံ့တကာကနေကို ချမှတ်ထားတယ်။ ဒါကြောင့် စစ်ရှောင်ဆိုပြီး ဒုက္ခရောက်နေတဲ့သူတွေကို လက်နက်ကိုင်တပ်ဖွဲ့  နှစ်ဖက်စလုံးက ကာကွယ်ပေးဖို့က အဓိကအရေးကြီးဆုံးအရာဖြစ်တယ်။

 မေး – လက်ရှိနိုင်ငံရေး အခြေအနေအရ ပြည်သူလူထုအားလုံး၊ တိုင်းရင်းသားလက်နက်ကိုင်အားလုံး စစ်အာဏာရှင် စစ်တပ်ကို တိုက်ထုတ်နေရတဲ့အချိန် ဒီလို လုပ်ရပ်တွေရှိနေတယ်ဆိုတော့ ဒီအပေါ် ဘယ်လိုပြောလိုပါသလဲ၊ အမှန်တကယ် ဘယ်လိုဖြစ်သင့်တယ်ဆိုတာ သုံးသပ်ပြောပြပေးပါ။

ဒီချိန်အားလုံး လက်နက်ကိုင်ပြီး စစ်အာဏာရှင်ကို ဝိုင်းဝန်းတိုက်ထုတ်နေရတဲ့အချိန် တိုင်းရင်သားလက်နက်ကိုင်တွေက ဥပမာ- ကရင်ဆိုရင် ကိုယ်နဲ့အမျိုးမတူတဲ့သူတွေကို ဖိနှိပ်အနိုင်ကျင့်၊ ရှမ်းဆိုရင် လူမျိုးချင်းမတူ တအောင်းတွေကို အနိုင်ကျင့်၊ ကချင်ဆိုရင်လည်း ဒီလိုပဲ ကိုယ်နဲ့လူမျိုးမတူတဲ့သူတွေကို အနိုင်ကျင့်တာတို့ ဒါတွေမလုပ်ရဘူး။

ဒီလိုလုပ်ရပ်တွေ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်တွေကို ကျမတို့တွေက ရှောင်ရမယ်။ နောက်ပြီး နိုင်ငံတကာ တရားဥပဒေနဲ့အညီ လိုက်နာနေတယ်ဆိုရင် နိုင်ငံတကာမှာ ကျမတို့ရဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ နာမည်ကောင်း ထွက်မှာဖြစ်တယ်။ အားလုံးရဲ့ ထောက်ခံမှုအင်အားလည်း ကြီးလာမယ်။ အားလုံးရဲ့ ထောက်ခံမှု အင်အားကြီးလာပြီဆိုရင် ကျမတို့ရဲ့ တော်လှန်ရေးက ပိုအောင်မြင်လာမယ်ဖြစ်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေမယ်ဆိုရင်က နိုင်ငံတကာက ချိန်ခွင်နဲ့ ချိန်နိုင်လာမယ်၊ ဒီအဖွဲ့လည်း ချိုးဖောက်တယ်၊ ဟာ ဒီအဖွဲ့လည်းချိုးဖောက်တယ် ဆိုပြီး ညီတူညီမျှလို့ သတ်မှတ်လိုက်နိုင်တယ်။ ဒါကြောင့် တော်လှန်ရေးကြိုးပမ်းနေတဲ့အချိန် ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှောင်ရှားရမယ်။ နောက် ဒုတိယအချက်က ကျမတို့ တိုက်ခိုက်နေတဲ့သူတွေရဲ့ လုပ်ရပ်၊ အမူအကျင့်နဲ့ လုံး၀မတူအောင် နိုင်ငံမအဆင့်မီ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်အောင် ကျမတို့က ဝိုင်းဝန်းကြိုးစားရမယ်။ ဒါအရေးကြီးဆုံးဖြစ်တယ်။ ဒီလိုကြိုးပမ်းတဲ့အခါ လူဆိုတော့ လက်နက်ကိုင်ဆောင်ထားရင် အာဏာပါဝါ ပြချင်လာတယ်။ အနိုင်ကျင့်ချင်လာတယ်။ ဒီလိုဖြစ်စဉ်တွေတော့ ရှိလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီလက်နက်ကိုင်တပ်ဖွဲ့ထဲမှာကိုက တရားဥပဒေ ပေါ်လစီ ကောင်းကောင်းချမှတ်လိုက်ရမယ်။

တကယ်လို့ ပြည်သူတွေပေါ် ဖိနှိပ်တယ်၊ အနိုင်ကျင့်တယ်။ ဒါမှမဟုတ် လူ့အခွင့်အရေးချိုးဖောက်တဲ့သူတွေ ရှိလာရင် ဘယ်လို ဒဏ်ချက်ချမှတ်မလဲ။ ဒီလိုလူတွေကို ဘယ်လို အရေးယူဆောင်ရွက်မလဲ၊ ဒီလိုလုပ်ရပ်တွေ လုံး၀မလုပ်ရဘူးဆိုပြီး အဖွဲ့အစည်းကြား တရားဥပဒေ ခိုင်ခိုင်မာမာချမှတ်ထားတယ်ဆိုရင် ဒီလို လုပ်ရပ်တွေ၊ စိတ်ဓာတ်တွေရှိလာရင်တောင် မလုပ်ရဲလာကြတော့ဘူး။ ဒီလိုမျိုးလုပ်ဆောင်မယ်ဆိုရင်တော့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ လည်း လူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်မျိုးတွေ နည်းသည်ထက်နည်း နောက်ဆုံးမရှိတော့တဲ့အခြေအနေထိ ရှိလာမယ်။ လူ့အခွင့်အရေးကို လေးစားတဲ့လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်အောင် ကြိုးစားလုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒီလိုသာ ကျမတို့ရဲ့ လုပ်ဆောင်မှုတွေက နိုင်ငံတကာ တရားဥပဒေနဲ့အညီဖြစ်မယ်ဆိုရင် အမြန်ဆုံးနည်း တော်လှန်ရေးအောင်မြင်ပြီး နိုင်ငံပြန်လည်တည်ထောင်တဲ့အချိန်မှာလည်း အားလုံးရဲ့ ထောက်ခံမှုကို ရလိမ့်မယ်။ ဒါကြောင့် တချို့က လက်နက်ကိုင်ထားတယ်၊ ငွေရှိတယ်၊ တချို့က အာဏာပါဝါရှိတယ်၊ လုပ်နိုင်စွမ်းရှိတယ်ဆိုပြီး တစ်ဖက်မှာရှိတဲ့ လူ့အခွင့်အရေးကို မေ့ပစ်လိုက်တာမျိုး၊ ဘာမထင် မခံ့လေးစားပြုတာမျိုးတွေရှိတယ်။ ဒီလိုမဟုတ်ပဲ သူတစ်ပါးထက် ထူးခြားမတူညီတဲ့နည်းနဲ့ လူ့အခွင့်အရေးကို မြင့်တင်ပြီး ဆောင်ရွက်သွားဖို့ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတိုင်းက အထဲမှာ ပေါ်လစီနဲ့ တရားဥမဒေ ခိုင်ခိုင်မာမာချမှတ်ပြီး ဝိုင်းဝန်းကြိုးစားမယ်ဆိုရင် ကျမတို့တော်လှန်ရေး အမြန်ဆုံးအောင်မြင်မှာပါလို့ ပြောချင်ပါတယ်။

မေး – ကျေးဇူးတင်ပါတယ်။ နောက်ထပ် လက်နက်ကိုင်တပ်ဖွဲ့တိုင်းမှာ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုက ဘယ်လောက်အရေးကြီးတယ်ဆိုလည်း သုံးသပ်ပေးပါရှင့်။

လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ပြည်သူအားပေးမှု မပါဝင်တော့ဘူးဆိုရင် အဲ့ဒီအဖွဲ့က အကြမ်းဖက်အဖွဲ့အစည်းပဲ ဖြစ်သွားမယ်။ လက်နက်ကိုင်ပြီး တစ်ခုခု သူတို့အတွက်အကျိုးအမြတ်ရှာတဲ့ အဖွဲ့ဘက်ပြောင်းသွားပြီ။ ဘာကြောင့်ဆိုရင် ပြည်သူကို အဓိကထားတဲ့ အဖွဲ့အစည်းမဟုတ်တော့လို့လေ၊ ဒါကြောင့် ပြည်သူလူထုရဲ့ အသံကိုနားထောင်ပြီး၊ ပြည်သူအားပေး ထောက်ခံတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ဖို့က ကျမတို့ တော်လှန်းရေးအဖွဲ့တိုင်းမှာ အရမ်းအရေးကြီးတယ်။

မေး – နောက်ဆုံးအနေနဲ့ ခုလို စစ်ရှောင်စခန်းမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ တပ်ချနေထိုင်နေမှုနဲ့ပတ်သက်ပြီး ဆရာမရဲ့အမြင်သုံးသပ်ပြောချင်တဲ့အရာကို ဘယ်လို ဖြည့်စွက်ပြောချင်ပါလဲရှင့်။

ကျမတို့ရဲ့ မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ဖြစ်တာ နှစ်တွေအတန်ကြာနေပြီ။ ပြည်သူလူထုလည်း တော်တော်ထိခိုက်နစ်နာခံကြရပြီ။ ဒါကြောင့် နစ်နာဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးရမှာဖြစ်သလို၊ နစ်နာဒုက္ခရောက်နေတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ လုံခြုံရေးကို ပိုပြီးတောင် ဝိုင်းဝန်းကာကွယ်ရမှာဖြစ်တယ်။ နောက်ပြီး သူတို့လိုအပ်ချက်တွေကို ဝိုင်းဝန်းကူညီထောက်ပံ့ကြစို့၊ ဒီလိုမဟုတ်ပဲ ပြောင်းပြန်သူတို့ကို တဖန် နှောက်ယှက်တာတွေ၊ ခြိမ်းခြောက်တာတွေကို ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် လုံး၀မလုပ်ကြရအောင်။ ဒီလို လုပ်ရပ်တွေရှိတယ်ဆိုရင် ကျမတို့ ပြည်သူလူထုကလည်း လုံး၀လက်ခံနိုင်မှာမဟုတ်ဘူး။ နိုင်ငံတည်ထောင်လာတဲ့အချိန်မှာလည်း သူတို့လက်နက်ကိုင်တပ်ဖွဲ့တွေ ဦးဆောင်တဲ့အတိုင်း ပြည်သူတွေအနေနဲ့ ထောက်ပံ့ ထောက်ခံပေးနိုင်ဖို့ တော်တော်ခက်ခဲသွားမယ်။ ဒါကြောင့် အချင်းချင်းထောက်ပံ့ပေးနိုင်ဖို့က အချင်းချင်းကာကွယ်ကြရမယ်။ နောက်ပြီး လိုအပ်လာတိုင်း ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ကူညီဖေးမကြဖို့ လိုပါတယ်။

Show More

Related Articles

Back to top button