သတင်း

ကားအရှိန်လွန်ပြီး အလှပြင်ဆိုင်ဝင်တိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရန်ကြီးအောင် ရပ်ကွက်တွင် ကားအရှိန်လွန်ပြီး အလှပြင်ဆိုင်တစ်ဆိုင်တွင် ကားတစ်စီးဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

မေလ ၈ရက်နေ့ ည ၁၀နာရီဝန်းကျင်ခန့်တွင် အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ကားနှစ်စီးတိုက်မိရာမှ ကားတစ်စီး အရှိန်မထိန်းနိုင်၍ လမ်ဘေးရှိ အလှပြင်ဆိုင်သို့ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါသည်။

“ကားနှစ်စီး အရှိန်နဲ့ တိုက်မလိုပွတ်မိပြီး X-Trail ကားက လမ်းဘေးက အလှပြင်ဆိုင်ကို ဝင်တိုက်သွားတယ်။ ပလပ်ဖောင်း အုပ်ခုံရယ် ဆိုင်က အုပ်ခုံ ၂ ခုတောင်ကျော်ပြီး ဝင်သွားတာ အရှိန်အရမ်းပြင်းလို့။ တစ်စီးက လမ်းလည်ခေါင်မှာပဲ ရပ်နေတယ်။ ကားရှေ့ခေါင်းတော့ ကျေမွကုန်ပြီ။”ဟု KNG ကချင်သတင်းဌာနကို ပြောပါသည်။

ကားနှစ်စီးလုံးတွင် အရေးပေါ် လေအိတ်များပွင့်လျက်ရှိပြီး ယာဉ်မောင်းသူ တစ်ဦး ဦးခေါင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြားထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

ထို့ပြင် အလှပြင်ဆိုင်သို့ ထိုးဝင်သွားသည့် X-Trail ကားကို ကရိန်းကားဖြင့် ဆွဲယူခဲ့ပြီး အခင်းဖြစ်ပွားရာသို့လည်း အရပ်ဝတ်နှင့် ရဲများ လာရောက်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် လက်ရှိ စစ်ကောင်စီတပ်သား အများအပြား ပုံမှန်ကင်းလှည့်နေသည့် မြို့တစ်ခုဖြစ်ပြီး မူးယစ်ဆေးဝါးများ ၊ လောင်းကစားဝိုင်းများ ၊ လုယက်ဓားပြတိုက်မှုများ ၊ ယာဉ်တိုက်မှုများလည်း ယခင်ထက် ပိုမို များပြားလာသည်ကို တွေ့ရပါသည်။

Show More

Related Articles

Back to top button