သတင်း

နယ်မြေ အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် မြန်မာနယ်စပ်ကျေးရွာကို  တရုတ်ဘက်မှ လျှပ်စစ်မီး ဖြတ်တောက်ထားဆဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် မြန်မာ တရုတ် နယ်မြေအငြင်းပွားမှု ဖြစ်ပွားခဲ့သည့် ၂၀၂၁ အောက်တိုဘာလ ၁၉ ရက်နေ့နောက်ပိုင်းမှစ၍ အဆိုပါကျေးရွာတွင် တရုတ်ဘက်မှ သွယ်တန်း ရောင်းချပေးနေသော လျှပ်စစ်မီး ဖြတ်တောက်ခံနေရသဖြင့် အခက်အခဲဖြစ်နေကြရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“မီးက မရသေးဘူး။ ခြံစည်းရိုးကာတာက သူတို့ ပြန်ဆုတ်သွားပြီ။ ဒါပေမယ့် ရွာမှာ မီးမရဘူး။ သူတို့ဖြတ်ထားတာ ၁ နှစ်လောက်ရှိပြီ။ ဟိုပြဿနာ တက်တာလည်း ၁ နှစ်လောက်ရှိပြီ။” ဟု နောင်ခမ်းရွာ မှ အတွင်းရေးမှူးက ပြောသည်။

အိမ်ထောင်စု ၁၆၀ ကျော်ရှိပြီး လူဦးရေ ၁၆၀၀ ကျော်နေထိုင်သည့် ၎င်းကျေးရွာ ဒေသခံများသည် လျှပ်စစ်မီး ဖြတ်တောက်ခံနေရသဖြင့် အခက်အခဲဖြစ်နေကြောင်း ရှမ်းလူ့အခွင့်အရေးအဖွဲ့မှ ဇူလိုင်လ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

၂၀၀၁ ခုနှစ် ကတည်းက တရုတ် လျှပ်စစ်မီး ဝယ်ယူသုံးစွဲခဲ့သည့် ၎င်းဒေသတွင် ၂၀၂၁  ခုနှစ် ဇူလိုင်လ နဲ့ အောက်တိုဘာလတွေမှာ တရုတ် နဲ့ မြန်မာ နယ်မြေအငြင်းပွားမှု ရှိခဲ့သလို ၂၀၁၈ နှစ်လယ်ပိုင်းတွင်လည်း နယ်မြေအငြင်းပွားမှု ပြဿနာ ဖြစ်ခဲ့ကြောင်း အမည်မဖော်လိုသူ နောင်ခမ်းရွာခံ ၁ ဦးက ပြောသည်။

“၂၀၂၁ ဇူလိုင် ၁၄ ရက်နေ့က မိုင်တိုင် ၅၈ မှာ ခြံစည်းရိုးလာခတ်တယ်။ ရွာသွားတွေထပ်ကန့်ကွက်ကြတယ်။ ၁၅ ရက်နေ့မှာ မြေကွက်တွေဖြေရှင်းဖို့ တိုင်းဖို့ ထပ်ချိန်းကြတယ်။ ဒါပေမယ့် တရုတ်ဘက်က ချိန်းထားတဲ့အတိုင်း မလာဘူး။ အဲဒီနေ့မှာ နောင်ခမ်းရွာသားဘက်က သက်ဆိုင်ရာ နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးတွေ မြေတိုင်းတွေနဲ့  နယ်စပ်မြေပုံနှင့်တကွ ပါလာတယ်။ ဒီကိစ္စဖြစ်ပြီး တပတ်နှစ်ပတ်အတွင်းမှာပဲ တရုတ်ဘက် နောင်ဆောင်ရွာကနေ နောင်ခမ်းကို သွယ်တန်းလာတဲ့ တရုတ်လျှပ်စစ်မီးကို ပိတ်လိုက်တယ်။” ဟု သူကပြောသည်။

လျှပ်စစ်မီးဖြတ်ခံရတာကြောင့် ဒေသခံတွေအနေဲ့ ဆိုလာပြားကို အဓိက ထားဝယ်ယူသုံးစွဲနေကြရပြီး လုပ်ငန်းအတွက် မီးစက်တွေ ဝယ်ယူသုံးစွဲသော်လည်း ဆီဈေးမြင့်တက်မှုကြောင့် အခက်အခဲများ ဖြစ်နေကြရကြောင်း ပြောဆိုသည်။

၂၀၂၁ အောက်တိုဘာ 17 ရက်နေ့တွင် တရုတ်ဘက်မှ လျှပ်စစ်မီးပြန်ဆက်ပေးပြီး နောက်တနေ့ ၁၈ ရက် မနက် ၆ နာရီမှာတွင် နောက်ဆုံး နယ်စပ် ပြဿနာ ပြန်ဖြစ်ခဲ့ပြီးနောက် တရုတ်ဘက်မှ လျှပ်စစ်မီးဖြတ်တောက်ခဲ့သည် ဟုဆိုသည်။

ပထမ ဖြစ်စဉ်မှာ ၂၀၁၈ နှစ်လယ်ပိုင်းတွင်  တရုတ်လုပ်ငန်းရှင် ၁ ဦးမှ သတ္တုကုမ္ပဏီလုပ်ရန် နောင်ခမ်းရွာခံများပိုင် မြေကွက်များကို ၅ နှစ်သက်တမ်းနဲ့ ငှားနိုင်ရန် လယ်ပိုင်ရှင်များအား လာရောက်စည်းရုံး သော်လည်း ကန့်ကွက်ခံခဲ့ရသည့်နောက်ပိုင်း မကြာခင်တွင် နောင်ခမ်းရွာ အထွက်လမ်း ကျောက်ရုပ်နှစ်ရုပ် နေရာ၌ ထော်လာဂျီ၊ ကား များ သွားလို့မရအောင် အုတ်တိုင်များ စိုက်ထူခဲ့ရာ ဒေသခံပြည်သူများက ပြန်လည်ဖြုတ်ပစ်ခဲ့ကြောင်းသူက ရှင်းပြသည်။

ဒေသခံများအနေဖြင့် ၎င်းတို့၏ လယ်ယာမြေ ကျူးကျော်ကာ တရုတ်ဘက်မှ နယ်နိမိတ်ချဲ့ထွင်လာမှုကို ကန့်ကွက်ဆန့်ကျင်ခဲ့သဖြင့် ယခုကဲ့သို့ တရုတ်ဘက်မှ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခြင်းခံရခြင်းဖြစ်သည် ဟု ယူဆကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုလ်အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

နမ့်ခမ်းမြို့ အနောက်တောင်ဘက် ၁၇ မိုင်ခန့် အကွာ နောင်ခမ်းကျေးရွာအနီးရှိ ရွှေလီ ၁ ရေအား လျှပ်စစ်စီမံကိန်းသည် တရုတ်နိုင်ငံ Yunnan United Power Development Co. Ltd. နှင့် မြန်မာအစိုးရ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ဖက်စပ်စီမံကိန်းမှ လည်ပတ်နိုင်စွမ်း ၆၀၀ မီဂါဝပ် ထဲမှ ၄၀၀ မီဂါဝပ်မှာ မြန်မာအတွက် အသုံးပြုရမည် ဖြစ်သော်လည်း ထိုဓာတ်အားများကို နောင်ခမ်းရွာသို့ ဖြတ်ကာ စစ်ကိုင်းတိုင်း ထီးချိုင့် မြို့နယ်ရှိ တရုတ်ရင်းနှီးမြုပ်နှံမှုဖြင့်တည်ဆောက်ထားသော China Nonferrous Metal Mining Group မှ လည်ပတ်နေသော တကောင်းတောင် နီကယ်စက်ရုံသို့လည်း ဓာတ်အားပို့လွှတ်ရောင်းချကြောင်း သိရသည်။

Show More

Related Articles

Back to top button