သတင်း

ကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို အင်းတော် PDF အဖွဲ့ ဖမ်းဆီး မီးရှို့ဖျက်ဆီး

ကချင် နှင့် စစ်ကိုင်း နယ်စပ်တွင် ကျပ်သိန်း ၂၀ ကျော်ကာလတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို အင်းတော် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ ဖမ်းဆီးဖျက်ဆီးနိုင်ခဲ့ပြီး တရားခံများကိုမူ ခံဝန်ကတိဖြင့် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၉ ရက်နေ့ ည ၄ နာရီခန့် မော်လူးဒေသတွင် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲနေသည့် အမျိုးသားတစ်ဦးကို ဖမ်းမိပြီး ၎င်းကို စစ်ဆေးမေးမြန်းရာမှ ရောင်းချသူများအပါအဝင် ဘိန်းဖြူ နှင့် WY စာသားပါ မူးယစ်ဆေးဝါး ဆပ်ပြာ ခွပ် ၃၁ ခွပ်၊ ကာလတန်ဖိုး ကျပ်သိန်း ၂၇သိန်းဖိုးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ တရားခံ များကိုလည်း သတိပေး၍ ခံဝန် ကတိဖြင့်ပြန်လွတ်ပေးခဲ့ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ ပြောသည်။

“အရင်ဦးဆုံးက နံပတ်ဖိုး ရှူနေတဲ့ ဖိုးသမားကို ဖမ်းလိုက်တာ။ အဲ့တာနဲ့ သူ့ကို စုံစမ်းလိုက်တာပေါ့ ဘယ်သူရောင်းလဲဆို တာ သူ့ဆီကနေထွက်တဲ့ အဖြေအရ မူးယစ်ဆေးဝါးရောင်းတဲ့အကြီးစားဆီမှာ သွားလိုက်တာ။ အဲ့မှာမော်လူးကပဲ သုံးစွဲတဲ့လူက လေးယောက် ရောင်းတဲ့လူက သုံးယောက်ပေါင်း ခုနှစ်ယောက် ဖမ်းမိခဲ့တာ တရားခံတွေကို တော့ခြိမ်းခြောက်စရာရှိတာ ခြိမ်းခြောက် ပြောစရာရှိတာ ပြော နောက်ဆိုရင်ပိုပြီးအရေး ယူမယ်သတိပေးပြီး ခံဝန်နဲ့ပြန်လွတ်ပေးလိုက်တယ်”ဟုပြောဆိုသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ပြီး တရားခံအမျိုးသားခြောက်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ကိုမူ ရိုက်နက်ခြင်းမျိုး မရှိပဲ နောက်ထပ်မပြုလုပ်ရန်သတိပေး၍ ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးအဖွဲ့များနေဖြင့် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်ရေးလုပ်ငန်းကို ယခုနှစ်ဆန်းပိုင်း ဖေဖော်ဝါရီလကတည်းက ဆောင်ရွက်ခဲ့ပြီး ယခုကဲ့သို့ ဖမ်းဆီးမှုများကြောင့်လည်း အင်းတော်နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု သိသိသာသာ လျော့နည်းကျဆင်းလာကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များမှ သိရသည်။

“အရင်တုန်းက တိုက်ပွဲတွေ မဖြစ်ခင်တုန်းကဆိုရင် မူးယစ် ဆေးဝါးတွေပဲ ပတ်ဖမ်းနေတော့ တော်တော်များပြီ အကြိမ်ရေတောင် မရေတွက်နိုင်တော့ဘူး။ တစ်နယ်လုံး လိုက်ဖမ်းနေတာ မူးယစ်ဆေး ဝါးကတော့ အရင်တုန်းက လောက်တော့ မပေါတော့ဘူး။ အရင်တုန်းကတော့ အရမ်းပေါတယ်။ အခုဖမ်းတာဆီးတာ လုပ်တော့ သိပ်မရှိတော့ဘူး။ အရင်ကတော့ဖိုးခန်းတွေမှာ သုံးတဲ့လူ ရောင်းတဲ့လူတွေတွေ့နေရတာ အခုနောက်ပိူင်းမတွေ့ရတော့ဘူး”ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။

ဤသို့ မူးယစ်ဆေးဝါး ဖမ်းဆီးမိရာတွင် တန်းဖိုးအနည်းဆုံး ကျပ်သိန်း ၂၀ မှ အများဆုံးကျပ် သိန်း ၁၀၀ ကျော်အထိ ဖမ်းဆီးနိုင်ခဲ့ပြီး ရှေ့ဆက်၍လည်း ရှောင်တခင်စစ်ဆေး၍ ဖမ်းဆီးသွားမည် ဖြစ်ကြောင်းသိရသည်။

Show More

Related Articles

Back to top button