သတင်း

မြစ်ဆုံ ဒေါင်ပန်တွင် အကြီးစားရွှေတူးဖော်မှုကို သဘောတူပေးရန် ဒေသခံများထံ လက်မှတ် ကောက်ခံနေ

မြစ်ဆုံဒေသ ဝိုင်းမော်မြို့နယ် ဒေါင်ပန်ကျေးရွာတွင် အကြီးစားရွှေတူးဖော်နေသော စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် ၎င်းတို့ကို ဒေသခံများ ထောက်ခံသည့်ပုံစံဖြင့် လက်မှတ်ရေးထိုးခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

မြစ်ဆုံဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများကို ကချင်ဒေသခံများ ကန့်ကွက်နေစဉ် စစ်တပ်နှင့်ဆက်နွယ်သူများ၊ ပြည်သူ့စစ်အဖွဲ့များသည် ဒေသခံများ၏ သဘောတူညီမှုဖြင့် ရွှေတူးဖော်နေသည့်အသွင်ဖော်ဆောင်လိုသောကြောင့် ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မလိယန်ရွေ့ပြောင်းကျေးရွာတွင် တစ်အိမ်ဝင် တစ်အိမ်ထွက် လက်မှတ်ရေးထိုးခိုင်းနေသည်ဟု ဒေါင်ပန်ဒေသခံ တစ်ဦးက KNG ကို ယခုလိုပြောသည်။

“ဒေါင်ပန်ရွာကို ရွှေတူးဖော်လိုက်ဖို့ ပြည်သူ့စစ်ရဲ့ ကိုယ်စားလှယ် က ရွာသားတွေကို သူတို့ ရွှေတူးဖော်လိုက်ပြီး ဘာမှ ပြန်မရမယ့်အစား သူတို့ပေးသလောက် ငွေဘဲယူလိုက်ရအောင်။ ဘာဘဲဖြစ်ဖြစ် သူတို့ရဲ့ ရွှေတူးဖော် မြေနေရာတွေ ဖြစ်သွားမှာဘဲ။ အဲ့ကြောင့် ဘာမှ ပြန်မရမယ့်အစားဆိုပြီး သဘောတူခိုင်းတဲ့ ပုံစံနဲ့ လိုက်စည်းရုံးနေတယ်။ အဲ့လို လိုက်ပြောလို့ ရွာသားတစ်ချို့က တွေဝေနေကြတယ်။ တစ်ချို့က ကန့်ကွက် နေကြတယ်” ဟု ပြောဆိုသည်။

ယခုနှစ် မတ်လ မှ စတင်ပြီး ဒေသခံများ ကန့်ကွက်နေသည့်ကြား ဦးလဆန်အောင် ပြည်သူ့စစ်အဖွဲ့သည် ဒေါင်ပန်ကျေးရွာတွင် ရွှေတူးဖော်မှုကို ခွင့်ပြုခဲ့ပြီးနောက် လက်ရှိတွင် ကျေးရွာကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းဝင်နှင့် ကတ်သစ်လစ် ဘုရားကျောင်းဝင် ၂ ခု၏ မြေနေရာ ၆ ဧက ခန့်ကိုလည်း ရွှေတူးဖော်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“ရွာကို ဖျက်ဆီးလိုက်မယ့် လုပ်ရပ်က လုံးဝ ကန့်ကွက်ပါတယ်။ အရင်းကတည်းက သူတို့ တူးဖော်လို့ ပျက်စီးသွားတဲ့ မြေနေရာတွေလည်း မနည်းတော့ဘူး။ ကျနော်တို့ရဲ့ ရွာ ကိုတော့ ဒီအတိုင်းလေးထားချင်တယ်။ ဒါတောင် အခု ရွာအထဲမှာ စတင်တူးဖော်နေတာတွေ လုပ်နေပြီ။ ဘုရားဝင်းတစ်ချို့ပါသွားပြီလို့သိရတယ်။ ရွာမှာ ဒေသခံတွေ နေလို့မရတော့ပေမယ့် နောက်နောင် မွေးမြူရေးလုပ်ငန်းတွေ ၊ လယ်ယာမြေ လုပ်ငန်းတွေ လုပ်ကိုင်လို့ရသေးတယ်။ အခုဆို မြစ်ဆုံတစ်ဝိုက် ရွှေတူးဖော်မှုတွေ ရှိနေတဲ့အတွက် နေရာဒေသတွေလည်း အရင်ကထက် အရမ်းကျဉ်းမြောင်းသွားပြီ။ ဒါကြောင့် ရွာကို ဖျက်စီးမယ့် လုပ်ရပ်မျိုးက ကန့်ကွက်ပါတယ်” အထက်ပါ သတင်းအရင်းအမြစ်က ဆက်ဆိုထားသည်။

ဒေါင်ပန်ကျေးရွာတစ်ခုလုံးကို ဖျက်စီးစေမည့် ပြည်သူ့စစ်အဖွဲ့၏လုပ်ရပ်ကို မလိယန်ကျေးရွာ အပါအဝင် မြစ်ဆုံအနီးတဝိုက် အောင်မြင်သာ၊ တန်ဖရဲ၊ ကျိန်ခရန်ခ၊ လုံဂါဇွပ်၊ ဒွမ်ဂန်၊ အာလမ်၊ အူဗျစ်နှင့် လမုန်ဇွပ် စသော ဒေသခံများလည်း ကန့်ကွက်မှု ရှိနေကြသည်။

ယခင် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် စတင်ခဲ့သောမြစ်ဆုံစီမံကိန်းကြောင့် ဒေါင်ပန်ကျေးရွာအပါအဝင် မြစ်ဆုံဒေသတစ်ဝိုက်ကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ကာ ဒေသခံများကို မလိယန်သို့ စုစည်းကာ ရွေ့ပြောင်းနေထိုင်စေခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီလ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် ကချင်လုပ်ငန်းရှင်များအပါအဝင်၊ ပြည်သူ့စစ်များသည် စစ်တပ်၏ ခွင့်ပြုချက်ဖြင့် ရွှေတူးဖော်နေကြသည်။ ထိုသို့သော တရားမဝင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေမည့် လုပ်ရပ်များကို ချက်ချင်းရပ်တန့်ပေးရန် ဒေသခံများ ကန့်ကွက်ဆန္ဒဖော်ထုတ်မှုများလည်း ယခုနှစ်အတွင်းရှိခဲ့သည်။

Show More

Related Articles

Back to top button