လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဒလန်သတင်းပေးမှုကြောင့် အင်းတော် အလယ်ဆိပ်ကျေးရွာမှ လူနေအိမ် ၁၀၀ ကျော် ဖျက်ဆီးခံရ

ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် အလယ်ကျေးရွာရှိ လူနေအိမ်တစ်ရာကျော် ဒလန်သတင်းပေးမှုကြောင်း ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။

မဲဇာကျေးရွာ နယ်မြေရဲစခန်းတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ် အင်အား ၇၀ ခန့်သည် ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အလယ်ဆိပ်ကျေးရွာသို့ ဝင်ရောက်လာပြီး ဒလန်သတင်းပေးထားသည့် လူနေအိမ်ခြေ ၁၀၀ ကျော် နှင့် ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာန ကို ပြောသည်။

“အလယ်ဆိပ်ရွာက ဘယ်လိုပျက်စီးသွားလဲဆိုတော့ အဲ့အိမ်ခြေ ၂၀၀ လောက်ရှိတာကမှ ၁၀၀ လောက်က တော် တော်လည်းပျက်စီးသွားတယ်။ အိမ်ထဲတွေဝင် ဝင်ပြီးတော့မှ ဗီယိုတွေ ရေခဲသေတာတွေကို အကုန်ရိုက်ခွဲ ဖျက်ဆီး လိုက်တာ။ သော့တွေရိုက်ဖျက်ပြီး တံခါးတွေ ပြတင်းပေါက်တွေ မှန်တွေအားလုံးကိုဖျက်ဆီးသွားတာ ရစရာမရှိဘူး” ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖျက်ဆီးခံလိုက်ရသည့် နေအိမ်များမှာ NLD ထောက်ခံသည့် နေအိမ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များကို ထောက်ခံနေသည့် အိမ်များ ဟု ဒလန်သတင်းပေးထားသည့် အိမ်များဖြစ်သည်ဟု သိရသည်။

အလယ်ဆိပ်ကျေးရွာကို ဝင်ရောက်ဖျက်ဆီးခဲ့သည့် စစ်ကြောင်းသည် မဲဇာရဲစခန်းတွင်ရှိနေစဉ် ဇူလိုင်လ ၁၀ ရက်နေ့က တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ တပ်သား၊ ရဲ နှင့် ပျူစောထီး အင်အား ၃၀ ဦးခန့် သေဆုံးခဲ့ကြောင်း  အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ သိရသည်။

လတ်တလော အင်းတော်မြို့နယ်တွင် ထီးချိုင့်ဘက် မှ တက်လာသော စစ်ကြောင်း နှင့် ကသာမှ ရောက်လာသော ခမရ ၃၀၉ စစ်ကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးနေသောကြောင့် စစ်ရေးတင်းမာနေသည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။

Show More

Related Articles

Back to top button