သတင်း

အင်းတော်တွင် ဖမ်းဆီးခံ အရပ်သား ၁၅ ဦး မလွတ်သေးသည့်အပြင် နောက်ထပ် ၁၀ ဦးပါ စစ်ကောင်စီ ဖမ်းဆီး

စစ်ကိုင်းတိုင်း အင်းတော် မြို့နယ်တွင် စစ်ဝတ်စုံများ ဝတ်ဆင်ခိုင်းပြီး ဖမ်းဆီးခေါ်ဆောင်ခံရသည့် အရပ်သား ၁၅ ဦး ပြန်လွတ်လာခြင်း မရှိသေးသည့်အပြင် နောက်ထပ်အရပ်သား ၁၀ ဦးကိုပါ စစ်ကောင်စီတပ်က ထပ်မံ ဖမ်းဆီးသွားသည်ဟု သိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ ကသာမြို့နယ် ရာဇဂြိုလ်တောင်မှ ဆင်းလာသည့် အင်အား ၁၀၀ ခန့်ပါရှိသော ခမရ ၃၀၉ တပ်ရင်းသည် အင်းတော်မြို့နယ်သို့ ဝင်လာပြီး ကျေးရွာတစ်လျှောက် အရပ်သားပြည်သူ ၁၅ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ထိပြန်လွတ်လာခြင်း မရှိသေးသည့်အပြင် ဇူလိုင် ၁၃ ရက်နေ့ ညပိုင်းကလည်း အရပ်သားပြည်သူ ၁၀ ဦးကို ထပ်မံ ဖမ်းဆီးခေါ် ဆောင်သွားကြောင်း အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ဟိုတနေ့တုန်းကခေါ်သွားတဲ့အရပ်သားတွေလည်းပြန်မလွတ်သေးဘူးဗျ သူတို့စစ်ကြောင်းထိုးတဲ့ တစ်လျှောက် ခေါ်သွားနေတုန်း ပြန်မလွတ်သေးတဲ့အပြင် မနေ့တုန်းက နတ်မဟုတ်ကြီးနဲ့ သံဘိုရွာ ကနောက်ထပ်အမျိုးသား ၁၀ ယောက်ကိုထပ်ဖမ်းခေါ်သွားတယ် သံဘိုက ခုနှစ်ယောက်နဲ့ နတ်မဟုတ် ကြီးက သုံးယောက်ဖမ်းခေါ်သွားတာ အခုလောလောဆယ် မနက်ပိုင်းအထိတော့ နတ်မဟုတ်ကြီး ဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထားဆဲလို့သိရတယ်” ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဇူလိုင် ၁၂ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ၁၅ ဦးသည် ကူးဆပ်ရွာ၊ ကျန်တောရွာ၊ နားနောင်ရွာ၊ ကျော်ရွာနှင့် နားခါကျေးရွာတို့မှဖြစ်ပြီး ၎င်းတို့အားလုံးကို စစ်ဝတ်စုံဝတ်ဆင်ခိုင်း၍ ရှေ့တန်းတွင်အသုံးပြုနေပြီး ယမန်နေ့က ဖမ်းခေါ်သွားသည့် ၁၀ ဦးကိုမူ စစ်ဝတ်စုံဝတ်ဆင်ခိုင်းထားခြင်းရှိ မရှိကို စုံစမ်း အတည်ပြုနေဆဲဖြစ်သည်။

“နှစ်ရက်အတွင်းဆိုရင် ဒါဖမ်းဆီးခံရတာ ၂၅ ယောက်အထိရှိသွားပြီပေါ့။ အဲ့ ၂၅ ယောက်လုံးက ရွာထဲက ဖမ်းခေါ်သွားတာ မဟုတ်ဘူး တောထဲမှာ လယ်လုပ်နေတဲ့သူတွေ တချို့က တောထဲဟင်းရှာ နေတဲ့ ပြည်သူတွေပေါ့။ အဲ့လိုလူတွေပဲဖမ်းခေါ်သွားတာ သူတို့တောထဲတွေ့သမျှကိုဖမ်းတာ အရင်ကဆို အထမ်း တွေထမ်းခိုင်းတယ်။ အခုတစ်ခေါက်တော့ မထမ်းခိုင်းဘူး စစ်ဝတ်စုံဝတ်ခိုင်းပြီး ရှေ့ဆုံးမှာ သွားခိုင်းတာ” ဟု အင်းတော်ဒေသခံတစ်ဦး က KNG သတင်းဌာနသို့ပြောသည်။

အင်းတော်မြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် ၂၀၂၂ နှစ်ဆန်းပိုင်းမှ စတင်၍ အရပ်သားပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်မှု ပိုမိုပြုလုပ် လာနေပြီး ဖမ်းဆီးရမိသည့် အရပ်သားပြည်သူများကို အထမ်း ထမ်းခိုင်းခြင်း၊ လူသားဒိုင်းအဖြင့်အသုံးချနေကြောင်း ဒေသခံများထံ မှသိရသည်။

Show More

Related Articles

Back to top button