သတင်း

ရှဒူးဇွပ်ဒေသ ပြည်သူ့စစ်တပ်စခန်းတစ်ခု ထပ်တိုးကာ ၃နေရာ ငွေကြေးကောက်ခံနေ

တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က တပ်စခန်းအသစ်တစ်ခု ထပ်မံ တိုးချဲ့ကာ ဂိတ် ၃ခုဖြင့် ငွေကြေး ကောက်ခံမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှစပြီး ဇူလိုင် လကုန်ပိုင်းအထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ ရွှေမှော်ဘက်သို့သွားသော လမ်းမကြီး ၄ ခုကို ဖြတ်တောက်လိုက်ပြီးနောက် တစ်လအတွင်း ရှဒူးဇွပ်ကျေးရွာအနီး ကိုင်းတောမှော်အဝင်ဝတွင် ပြည်သူ့စစ် တပ်စခန်းအသစ်တစ်ခုကို ထပ်မံဆောက်လုပ်လိုက်ပြီး ငွေကြေးကောက်ခံနေသည်ဟု ရှဒူးဇွပ်ဒေသခံ အမျိုးသားတစ်ဦး က KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။

“သူတို့က လမ်းပိတ်လိုက်တဲ့ ၁ လအတွင်းမှာဘဲ ကိုင်းတောမှော်မှာ တပ်စခန်းတစ်ခုပြန်ချလိုက်နိုင်တယ်။ ပြောချင်တာက ဘာလက်နက်သံတစ်စုံတစ်ရာမှ မကြားရဘဲ ချောမွေ့စွာလုပ်နိုင်တယ်ပေါ့။ ပြန်တိုးထားတဲ့ ကိုင်းတောမှော် ဂိတ်ကနေ အထက်ဘက်မှာရှိတဲ့ မှော်တွေကို ဆက်သွားဖို့ အဲ့မှာငွေထည့်‌ပြီးမှဘဲ သွားလို့ရတယ်။ အခုဆို ရှဒူးဇွပ်မှာ ဘယ်ကဘဲ လာလာ ငွေထည့်ပြီး သွားရမယ့် ပြည်သူ့စစ်ဂိတ် ၃ နေရာရှိသွားပြီ” ဟု ပြောဆိုသည်။

လက်ရှိ ရှဒူးဇွပ်ဒေသတွင် ပြည်သူ့စစ်အဖွဲ့အနေဖြင့် ငွေကြေးကောက်ခံနေသည့် နေရာများမှာ ၎င်းတို့၏ ပြည်သူ့စစ် တပ်စခန်းတည်ရှိ သော စံပြကျေးရွာ၊ ရှဒူးဇွပ်ကျေးရွာအဝင် တံတားအနီးတစ်နေရာနှင့် ကိုင်းတောမှော်အဝင် စသော ၃ နေရာတွင် လူတစ်ဦးလျှင် ၅၀၀၀ ကျပ်၊ ဆိုင်ကယ်တစ်စီး ၅၀၀၀ နှင့် ကားတစ်စီးတွင် ၁သောင်းကျပ်အထက် မထည့်မနေရ ကောက်ခံ နေကြောင်း သူက ဆက်ဆိုထားသည်။

ပြီးခဲ့သော ဇွန်လ မှစတင်ကာ စံပြကျေးရွာပြည်သူ့စစ်ဂိတ်ရှိသည့်လမ်း၊ ဘန်ကောက်ကျေးရွာ လမ်းဆုံ၊ ဝါရာဇွပ်ကျေးရွာအနီးရှိ ယခင်ယုဇနကုမ္ပဏီရှိသည့်လမ်း၊ ကိုင်းတော်မှော်လမ်း စသော လမ်း ၄ နေရာကို ဖြတ်တောက်လိုက်ခြင်းဖြစ်ပြီး ဇူလိုင် လဆန်းပိုင်းတွင် အဆိုပါ လမ်းများကို ပြန်လည်ဖွင့်ပေးလိုက်သည်။

ယခုလို ရှဒူးဇွပ်ဒေသတွင် ပြည်သူ့စစ်အဖွဲ့က ပြည်သူများသွားလာသည့် လမ်များကို ပိတ်ဆို့ထားကာ ငွေကြေးကောက်ခံနေသောကြောင့် သွားလာရေးတွင် ခက်ခဲမှု ကြုံတွေ့နေရကြောင်း စံပြဒေသခံတစ်ဦး က ပြောဆိုသည်။

“ရှိတဲ့လမ်းတိုင်းမှာ သူတို့ ထိုင်လိုက်တယ်ဆိုတော့ သွာလာရေးမှာ အရင်ကထက် အရမ်းခက်ခဲသွားပြီ။ အရင်တုန်းကလို လွတ်လွတ် လပ်လပ်သွားလို့ မရတော့ဘူး။ အမြဲတမ်းကြောက်ရွံ့ပြီးမှဘဲ သွားရမယ့် အနေအထားမှာ ဖြစ်နေတယ်။ သူတို့ကတော့ လုံခြုံရေးအရလို့တော့ ပြောတာဘဲ။ မလုပ်နဲ့လို့ သွားပြောလို့လည်းမရ။ တစ်ချို့က လက်မှတ်လုပ်ပြီး သွားရတယ်တဲ့။ လက်မှတ်မရှိတဲ့ သူတွေက ငွေပေးရတယ်လို့ပြောကြတယ်” ဟု ပြောဆိုသည်။

ပြည်သူ့စစ်အဖွဲ့သည် ရှဒူးဇွပ်ဒေသအတွင်း ရွှေမှော်လုပ်ငန်းရှင်များထံမှ အခွန်ကောက်ခံခြင်း၊ ၎င်းတို့၏ ဂိတ်အတွင်း သွားလာသည့် ကုန်တင်ကားများ၊ ဆီကားများ၊ သွားလာသည့် ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်း စသော အခွန်မျိုးမျိုးကောက်ခံခြင်းဖြင့် တစ်ရက်တွင် ပျန်းမျှဝင်ငွေ သိန်း ၄၀၀ အထက်ရှိပြီး တစ်လတွင် သိန်းထောင်ပေါင်းများစွာ ရရှိနေသည်ဟု ရှဒူးဇွပ်ဒေသခံများက KNG ကို သုံးသပ်ပြောဆိုထားသည်။

မင်းဇင်သန့် ဦးဆောင်သည့် ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့သည် စစ်တပ်ကအာဏာသိမ်းပြီးနောက် ရှဒူးဇွပ်ဒေသတွင် နယ်မြေစိုးမိုးရန် ယခင်ကထက် စစ်အင်အားအများအပြား အသုံးပြုကာ စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖြင့် စစ်ရေးတင်းမာမှုများရှိနေသလို ဇူလိုင်လ ၁၈ ရက်နေ့တွင်လည်း ရှဒူးဇွပ်ဒေသအနီးရှိ ကနွယ်သူ မှော်ရှိ KIA တပ်စခန်းတစ်ခုကို ပထမဆုံးအကြိမ် သွားရောက်တိုက်ခိုက်မှုများရှိခဲ့ပါသည်။

Show More

Related Articles

Back to top button