တိုက်ပွဲသတင်း

စစ်တိုင်းဒေသ မြို့နယ် ၂ခုကြားတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဘက် ၁၇ဦးထက်မနည်း သေဆုံးဟုဆို

စစ်ကိုင်းတိုင်းဒေသ မြင်းမူမြို့နယ်နှင့် အရာတော်အစပ် ကံဖျားနှင့်ရသာ ကျေးရွာ ၂ခုမှ ပြည်သူပိုင် ပစ္စည်းများ သိမ်းယူသွားသည့် စစ်ကောင်စီတပ်ဖွဲ့ကို နယ်မြေခံ ဒေသကာကွယ်ရေးတပ်များ ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်က ၁၇ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှသိရသည်။

စစ်အင်အား ၆၀ ဝန်းကျင်ခန့်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ နံနက်ပိုင်း ၁၀နာရီဝန်းကျင်တွင် ကံဖျာနှင့်ရသာတို့ဘက်မှ မင်းရွာနှင့်သလဲဘာရွာ ကျေးရွာရှိသည့်ဘက်သို့ ဦးတည်ကာ ထွက်လာခဲ့ရာ PDF အဖွဲ့က နောက်ယောင်ခံလိုက်လာခဲ့ကြပြီး ရွာသာနှင့် မင်းရွာ ကျေးရွာ ၂ခုကြားတွင် ခိုတိုက်ခိုက်ခဲ့သည်ဟု Zero ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနုကို ယခုလိုပြောဆိုသည်။

“သူတို့က ကံဖျားနဲ့ရသာဘက်ကနေ ပြည်သူတွေရဲ့ ပစ္စည်းသယ်ပြီး မင်ရွာနဲ့ သလဲဘာရွာဘက်ကို ပြန်ထွက်လာကြတယ်။ သူတို့ရဲ့နောက်ကို ကျနော်တို့အဖွဲ့တွေက နောက်ယောင်ခံပြီး လိုက်သွားတယ်။ အဲ့မှာ ရွာသာနဲ့ မင်းရွာကြားမှာ ခြုံခိုတိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီဘက်က တိုက်ခိုက်ခဲ့တဲ့နေရာမှာ ၁၇ယောက်လောက်ကျသွားတယ်”ဟုပြောဆိုသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ကျဆုံးခဲ့သည့် အလောင်းများကို လက်ရှိအချိန်အထိ အလောင်းလာရောက်ကောက်ယူခြင်းမရှိသေးဘဲ အနီးတဝိုက်ရှိသော ကျေးရွာများ၏ လူနေအိမ်များကို ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု သူက ဆက်ဆိုသည်။

“သူတို့ဘက်က ကျဆုံးခဲ့တဲ့ အလောင်းတွေကို အခုအထိ လာကောက်တာမျိုးမရှိသေးဘူး။ ဒီတိုင်းပစ်ထားခဲ့တယ်။ သူတို့ဘက်က ထိခိုက်တာရှိတော့ ကျနော်တို့ကို တုန့်ပြန်တဲ့အနေနဲ့ထင်တယ် အရာတော်မှာရှိတဲ့ မင်းရွာ ကျေးရွာတွေမှာ မီးဝင်ရှို့နေတယ်လို့တော့သိရပါတယ်”ဟုပြောဆိုသည်။

စစ်ကောင်စီတပ်နှင့် နယ်မြေခံတပ်ဖွဲ့တို့ မိနစ် ၂၀ ခန့်အကြာ အပြန်အလှန် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လေကြောင်းလိုင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း နယ်မြေခံတပ်ဘက် ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း ဆက်လက်သိရသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာသည် မင်းရွာနှင့်ရွာသာကြားတွင်ဖြစ်ပြီး မင်းရွာကျေးရွာမှာ အရာတော်မြို့နယ်တွင်ပါဝင်ပြီး ရွာသာကျေးရွာသည် မြင်းမူဘက်ခြမ်းတွင်တည်ရှိသည်။

Show More

Related Articles

Back to top button