သတင်း

တောင်ယာ စပါးဖျက် နှံကောင် နှင့် ကြွက်အန္တရယ်မှ ကာကွယ်နိုင်မည့် အကူညီလိုအပ်နေ

ဧရာဝတီ မြစ်ဆုံအထက် ဆွမ်ပရာဘွမ် နှင့် အင်ဂျန့်ယန်မြို့နယ်ရှိ ကချင်ဒေသခံများ၏ တောင်ယာစပါးခင်းတွင် စပါးဖျက် ပိုးကောင်များ ယခင်နှစ်ထက် ယခုနှစ် ပိုမို များပြားလာသဖြင့် ကာကွယ်နိုင်မည့် နည်းလမ်း ကူညီပေးကြရန် ဒေသခံများ တောင်းဆိုနေကြသည်။

ကချင်ပြည်နယ် မြောက်ပိုင်း တြိဂံနယ်မြေ (Mali Nmai Walawng) ဒေသတွင် စပါးနှင့် ကောက်ပဲသီးနှံများကို ဖျက်စီးသည့် ဖျက်ပိုးကောင်၊ နှံကောင်များ နှင့် ကြွက်များ ယခင်နှစ်ထက် ပိုမိုများပြား လာနေသည့်အပြင် ယခုမှစပြီး စပါးပင်များအား ဖျက်စီး စပြုလာပြီဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ဒီနှစ်က မနှစ်ကထက် ပိုဆိုးမဲ့အခြေအနေပေါ်နေတယ်။ အကောင်ပလောင် အရမ်းများနေပြီ။ စပါးတွေက ခုမှ စ ပေါက်ပြီး စ ရှည်ထွက်လာတာလေ။ ခုကနေကို အများကြီး ပိုးစား ပျက်စီးစပြုနေပြီ။ ဩဂုတ်လဆုံးပိုင်း စပါးနှံထွက်ခါစတာနဲ့ တစ်ခါတည်းဖျက်စီးဖို့ သစ်ပင်တွေမှာ စုရုံး စုပြုံနေကြပြီ။ လမကုန်ခင်တောင် အကုန်စားပစ် ဖျက်စီးကုန်တော့မလားမသိဘူး။ဒေသခံအားလုံး ထိတ်လန့်စိုးရိမ်နေကြပြီ။” ဟု အူးမား (Uma Ga) ဘွမ်ရွန်းကျေးရွာ (Bumrun) ဒေသခံ ဆရာ နော်ဖန်လဖန်းက ပြောသည်။

မလိ အင်မိုင်၀လောင်နှင့် မလိခမြစ်အနောက်ဘက် ဆွမ်ပရာဘွမ်လမ်းတစ်လျှောက် တောင်ယာခင်းရှိသမျှ နေရာတိုင်း၌ စပါးဖျက်ပိုးကောင်များသည် သစ်ပင်များတွင် စုရုံးစုပြုံလျှက်ရှိနေပြီး ကြွက် နှင့် အခြား စပါးဖျက်ပိုးကောင်များလည်း ယခုချိန် ဖူးပွင့်ထွက်လာသည့် စပါးနှံများကို ဖျက်စီးနေပြီဟု သူက ဆက်ပြောသည်။

အင်ဂွမ်းလ (NGum La) ၊ အင်ဘောင့်တူ( NBau Tu) ကျေးရွာများတွင် တောင်ယာခင်းတချို့ ကြွက် ပျက်စီးခံလိုက်ရသောကြောင့် လုပ်ကိုင်ခြင်းမရှိတော့ဘဲ တောင်ယာခင်း စွန့်လွတ်လိုက်ရသူများ ရှိနေပြီဟု သိရသည်။

တောင်ယာစိုက်ပျိုးရေးကိုသာ မှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုနေရသည့် ဒေသခံပြည်သူများအတွက် ယခုနှစ်တွင် ထိုသို့ စပါးသီးနှံ မထွက်ခင်ကတည်းက ဖျက်ဆီးခံနေရပြီ ဖြစ်သောကြောင့် အစာခေါင်ပါးခြင်း ဒဏ် ကြုံတွေ့လာမည်ကို စိုးရိမ်တွေးပူနေကြသည်ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

“ဒီတောင်ယာပဲ လုပ်တဲ့ ကျနော်တို့ အတွက် ခြံလည်းဒါပဲ အစာလည်း ဒါပဲ။ တောင်ယာမှာပဲ အစားအစာထွက်တယ်လေ။ ဒါကြောင့် အခြားဝင်ငွေ စီးပွားရေးမလုပ်ပဲ တောင်ယာပဲခုတ် လုပ်ကိုင်စားသောက်တဲ့သူတွေအတွက် ခုလို ပိုးကျဒဏ် သဘာ၀ဘေးကြုံလာချိန် ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး။ စားဖို့ သောက်ဖို့ ပြောင်သလင်း ဘာမှ မရတော့ဘူးလို့ ပြောလို့ရတယ်။” ဟု ၎င်းက ပြောသည်။

နှံကောင်များနှင့် ကြွက်များသည် စပါးပင်နှင့် စပါးနှံများကို ဦးဆုံး ဖျက်စီးပြီးနောက် တောင်ယာခင်းရှိ ကောက်ပဲသီးနှံ ရှိသမျှကိုလည်း ပျက်စီးပစ်ကြောင်း ပြောသည်။

ထို့ကြောင့် ယခုအခြေအနေထက် ထပ်မဆိုးရွားခင် ဒေသခံပြည်သူများအတွက် ပိုးကျခြင်းဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာ အတတ်ပညာရှင်များအနေဖြင့် နည်းလမ်းပြ ကူညီ ပံ့ပိုးပေးမည်ကို လိုလားကြောင်း ဆက်လက် တောင်းဆိုသည်။

“ဒီနှစ်ပိုဆိုးလာတဲ့အခြေအနေရှိတာကြောင့် ဒေသခံတွေက လုပ်ကိုင်ပဲတတ်တာ ဘယ်လိုကာကွယ်သင့်တယ် ဘာမှမသိဘူး။ ဒါပေမဲ့ ဒီနေ့ခေတ်မှာက ဆေးပညာ ပိုးသတ်ဆေးလည်း အမျိုးမျိုးရှိနေပြီဖြစ်တာကြောင့် အရေးပေါ် ဒီရက်အတောအတွင်း ကြွက်သတ်ဆေး ၊ ပိုးသတ်ဆေး များများ အသုံးပြုလိုက်နိုင်ရင် ကာကွယ်နိုင်မလား ဆိုပြီး မျှော်လင့် ထင်မြင်မိတာဖြစ်တယ်။ ဒါကြောင့် တတ်နိုင်တဲ့ ပြည်သူများမှ ပညာပေး ကူညီထောက်ပံ့ပေးရင်တော့ ဒေသခံတွေအတွက် သက်သာရာ ရနိုင်မလားလို့ တောင်းဆိုချင်ပါတယ်။” ဟု သူက ဆက်ပြောသည်။

ဩဂုတ်လ ကုန်ပြီး စပါးနှံမထွက်ခင် ကြိုတင်ကာကွယ်နိုင်ရန် လက်ရှိအချိန်ကတည်းက အရေးပေါ် ကာကွယ်မှုများ ဆောင်ရွက်နိုင်ရန် လိုအပ်သည်ဟု ဆိုသည်။

ထို့ကြောင့် လမ်းခရီး ခက်ခဲကြမ်းတမ်းပြီး ငွေရေးကြေးရေးခက်ခဲသော တြိဂံနယ်မြေ (Mali Nmai Walawng) ဒေသရှိ ပြည်သူများ၏ ဝမ်းရေး ဖူလှုံရန်အတွက်လည်း ကူညီမှုများ လိုအပ်နေသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ထရာဇွပ် (Htaza Zup) ၊ ပန်ဇွပ်ကျေးရွာ(Pan Zup)၊ မလိဆွတ်ဂျာ ( Mali Sut Ja)၊ အင်ဘန်းဘွမ် (Nbang Bum) ၊ လယန်( Layen)၊ ဘွမ်ရွန်း(Bumrun)၊ အင်ဗဲန်းကထောင်( Nbyem Kahtawng) စသည့် ကျေးရွာများတွင် အဆိုးရွားဆုံး တောင်ယာခင်း ဖျက်ဆီးခံခဲ့ရသောကြောင့် ဒေသခံပြည်သူများ အစားအသောက်ခက်ခဲသည့် ဒဏ် ကြုံခဲ့ရပြီဟုလည်း သိရသည်။

ရွှေ့ပြောင်း တောင်ယာစနစ်ဖြင့်သာ လုပ်ကိုင်စားသောက်နေရသော ဒေသခံပြည်သူများသည် တောင်ယာခင်းကို မတ်လ နှင့် ဧပြီလတွင် ခုတ်ထွင်ရှင်းလင်းပြီး မေလ၌ မီးရှို့ ပြီးလျှင် ဇွန်လတွင် စပါးထည့် ကောက်ပဲ သီးနှံအစုံ စိုက်ပျိုးကာ အောက်တိုဘာ နှင့် နိုဝင်ဘာလတွင် ကောက်ရိတ်သိမ်း လေ့ရှိကြသည်။

Show More

Related Articles

Back to top button