သတင်း

နန့်မွန်း ချောင်းရေကြီးမှုကြောင့် လယ်ယာမြေဧက ၂၀ နီးပါး ပျက်စီး၊ ရွှေအလွန်အကျွံ တူးဖော်မှုကြောင့်ဟု ဒေသခံများ ပြောဆို

မိုးညှင်းမြို့နယ် အင်းတော်ကြီး နန့်မွန်းမြို့တွင် စက်ယန္တရားဖြင့် ရွှေတူးဖော်ခဲ့သည့် လုပ်ရပ်များကြောင့် ပြီးခဲ့သည့် အပတ်အတွင်း တောင်ကျ ချောင်းရေမြင့်တက်ကာ လယ်ယာမြေဧက ၂၀ နီးပါး ထိခိုက် ပျက်စီးသွားသည်ဟု ဒေသခံများ ပြောသည်။

နန့်မွန်းချောင်းနှင့် နီးသည့်တောင်ခြေဘက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် စက်ယန္တာယားကြီးများဖြင့် ရွှေတူးဖော်ခဲ့မှုကြောင့် မြေယာများပျက်စီးပြီး ယခုမိုးတွင်းကာလတွင် ရေကြီးရေလျှံမှုကြောင့် ရွှေတူးခဲ့သည့် မြေစာများသည် ရွံနွံအဖြစ်ပြောင်းလဲကာ လယ်ခင်းထဲသို့ ဝင်ရောက်လာခြင်းကြောင့် ယခုကဲ့သို့ လယ်စိုက်ခင်းများပျက်စီးသွားရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ကားလမ်း အောက်ဘက်ကတော့ ဘာမှမဖြစ်ဘူး။ အဲ့ဒီ တောင်နဲ့ နီးတဲ့တောင်ခြေက လယ်ခင်းတွေ ပျက်စီးသွားတာ အဓိက အရင်က ရွှေလုပ်ခဲ့လို့ အဲ့ရွှေလုပ်ကွက်ဟောင်းနဲ့ နီးတဲ့နေရာတွေပျက်စီးတာ။ ရွှေတူးခဲ့တဲ့ မြေစာတွေက ရေကြီးတော့ ရွံနွံတွေဖြစ်ပြီး အဲ့လယ်ခင်းတွေထဲ ဖုံးသွားတာပေါ့။ တချို့လယ်တွေက ရစရာမရှိဘူး ပျက်စီးသွားတယ်”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နန့်မွန်းမြို့တွင် ယခုလဆန်း ၁ ရက်နေ့မှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သြဂုတ်လ ၃ ရက်နေ့ မနက် ၈နာရီအချိန်မှ စတင်ကာ ရွှေလုပ်ကွက်ဟောင်းနှင့် နီးစပ်သော လူနေအိမ်၊ လယ်ယာမြေများတွင် ရေပမာဏ ၈ ပေခန့်အထိ မြင့်တက်လာကာ လယ်စိုက်ဧက ၂၀ နီပါး ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။

“စိုက်ပြီးသားလယ်တွေကို ရေနစ်မြှပ်ပျက်စီးသွားတာရှိတယ်။ တချို့လည်း ရေတွေလုံးဝ နစ်သွားတာ ပြန်စိုက်လို့မရတော့ပဲ။ လုံးဝပျက်စီးသွားတဲ့အနေအထားအထိဖြစ်သွားတယ်”ဟု အထက်ပါ ဒေသခံတစ်ဦးက ဆက်ပြောသည်။

နန့်မွန်း ဒေသခံများ၏ လယ်ယာမြေဧက အများစုသည် တောင်ခြေအောက်တွင် ရှိပြီး အနည်းစုမှာ ကားလမ်းအောက်ဘက်တွင် ရှိကြောင်း သိရသည်။

နန့်မွန်းတွင် ယခင်နှစ်များက ယခုကဲ့သို့ လယ်ခင်းများ ရေနစ်ပျက်စီးခြင်းမရှိခဲ့သော်လည်း ယခုနှစ်တွင် ရွှေတူးဖော်မှုများလာသဖြင့် ယခုကဲ့သို့ လယ်ခင်းများ ပျက်စီးရသည်ဟု သိရသည်။

Show More

Related Articles

Back to top button