တိုက်ပွဲသတင်း

ဆယ်ဇင်း နေအိမ် ၄၀၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့၊ ဒေသခံ ၃၀ ခန့် ထိခိုက် သေဆုံးမှုရှိ

တိုက်ပွဲ ပြင်းထန်နေဆဲ ဆယ်ဇင်းကျေးရွာရှိ နေအိမ် ၄၀၀ ကျော်ကို ယမန်နေ့ညမှစတင်ကာ စစ်ကောင်စီ နှင့် ရှမ်းနီတပ်တို့ မီးရှို့ဖျက်ဆီးလိုက်ပြီး အရပ်သား ထိခိုက်သေဆုံးမှု ၃၀ ဦးခန့် ရှိနေပြီဟု ဆယ်ဇင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ဩဂုတ်လ ၉ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီသည် လေယာဉ်ဖြင့် မီးလောင်ဗုံးများကို ကြဲချရာမှ စတင်မီးလောင်ခဲ့သည်ဟု မျက်မြင်သက်သေ ဆယ်ဇင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။

“ပထမ ၈ နာရီလောက်မှာ လေယာဉ်တစ်စီးနဲ့ လာပြီး မီးဗုံးအရင်လာချတယ်။ လူနေအိမ်တွေ မီးလောင်တော့ ရွာသားတွေက လေးလုံးထိုး ရေစုတ်စက်နဲ့ ပြန်ငြိမ်းနိုင်ခဲ့တယ်။ နောက် ၉ နာရီလောက်မှာ စစ်ကိုင်းဘက်က စစ်ကူပြန်တက်လာတဲ့ ဗမာစစ်သားတွေနဲ့ ရှမ်းနီအဖွဲ့တွေ ရွာထဲဝင်ပြီး တစ်အိမ်ပြီး တစ်အိမ်မီးရှို့လိုက်ကြတယ်။ ရွာသားတွေလည်း သေဆုံးတာ အရမ်းများတယ်” ဟု ပြောဆိုသည်။

ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ဆယ်ဇင်း စစ်ကောင်စီ ရဲစခန်းကို KIA ဝင်ရောက်တိုက်ခိုက်နေချိန် စစ်ကောင်စီဘက်မှ ဂျက်လေယာဉ် ၉ စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ သေဆုံးမှုရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း ပိတ်မိနေသော ပြည်သူများကို တွေ့မြင်ရာနေရာတွင် ပစ်သတ်နေသည်ဟုလည်း သူက ဆက်ဆိုသည်။

“မနေ့က KIA ရဲစခန်းကို ဝင်တိုက်နေတဲ့အချိန် လေယာဉ်ဗုံးလာကြဲတယ်။ ရွာအလယ်တည့်တည့် ချိန်ပြီး ဗုံးလာကြဲတဲ့အချိန်မှာ ပြည်သူတွေ အများကြီးသေတယ်။ ပြီးရင် တိုက်ပွဲဖြစ်တဲ့နောက် အိမ်ထဲကနေထွက်လာတဲ့ ရွာသားတွေ ကိုလည်း ပစ်သတ်တယ်။ ယနေ့မနက်အထိ ကျနော့်ရှေ့မှာတင် ပစ်သတ်လိုက်တာ ၅ ယောက်ရှိပြီ” ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် ရွာအတွင်း သေနတ်ဖြင့်ပစ်သတ်လိုက်သည့် ပြည်သူအယောက် ၃၀ ဝန်းကျင်ခန့်ရှိနေပြီး မီးလောင်ပျက်စီးသွားသည့် လူနေအိမ်မှာ ၄၀၀ ကျော်ခန့်အထိ ရှိသွားပြီဟု သိရသည်။

ဆယ်ဇင်းကျေးရွာတစ်ခုလုံး ယနေ့နံနက်ပိုင်း ၇ နာရီအထိ မီးလောင်မှုဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ စစ်ကူအဖြစ် ယမန်နေ့ မွန်းလွဲပိုင်း စစ်ကိုင်းအစပ် ပန်ခြေ ကျေးရွာတွင် လေကြောင်းဖြင့် စစ်အင်အား ၅၀ ခန့်ကို လာရောက်ပို့ဆောင်ခဲ့ပြီးနောက် အဆိုပါ စစ်ကူများသည် ည ၇ နာရီခန့်တွင် ဆယ်ဇင်းသို့ ဝင်ရောက်နိုင်ခဲ့သောကြောင့် လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ် စုစုပေါင်း စစ်အင်အား ၁၀၀ ကျော်ခန့်က ဆယ်ဇင်းကျေးရွာအတွင်း နေရာယူထားကြောင်း သိရသည်။

လက်ရှိ ဆယ်ဇင်း ဒေသခံများသည် ကျေးရွာအပြင်ဘက်ထွက်ပြေးရန်လည်း စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် ကျေးရွာ ဘုန်းကြီးကျောင်းများနှင့် ကျေးရွာအနီးတဝိုက် ဘေးကင်းနိုင်မည့်နေရာများတွင်သာ ပုန်းခိုနေရသည်ဟု ဆိုသည်။

ဩဂုတ်လ ၈ ရက်နေ့ ဆယ်ဇင်းတိုက်ပွဲတွင် ဆယ်ကုန်းရှိ စစ်ကောင်စီတပ်စခန်းနှင့် ရွှေပြည်မြင့် ကျေးရွာဘုန်းကြီးကျောင်း အနီးရှိ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်း ၂ ခုကို KIA တပ်ရင်း ၂၆ နှင့် PDF များ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး KIA ဘက်မှ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ယမန်နေ့ ရဲစခန်းကို ဝင်တိုက်ခဲ့သော်လည်း စစ်ကောင်စီမှ လေယာဉ် ၉ စီးဖြင့် ဗုံးကြဲခဲ့သဖြင့် သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Show More

Related Articles

Back to top button