သတင်း

ဖားကန့်တွင် ပြည်သူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းသည် စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုဟု ဆို

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ A Nang Pa တွင် ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ် ကြိုဆိုပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့မှုသည် ‘ပြည်သူလူထုကို ပစ်မှတ်ထားကာ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ဆောင်နေခြင်းသာဖြစ်သည်’ ဟု ကချင်လူထု ပြောသည်။

စစ်ရေးနှင့် မသက်ဆိုင်ဘဲ ပြည်သူများ စုဝေးနေသည့်နေရာတွင် စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပေါ် ဖားကန့် ဒေသခံ ကချင်ပြည်သူတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုသည်။

စစ်တပ်က ကျနော်တို့ အတွက် မိတ်ဆွေမဟုတ်ဘူး ရန်သူသာဖြစ်တယ် ဆိုတာကို ကွင်းကွင်းကွက်ကွက်မြင်ရတယ်။ အခုလို ပွဲလုပ်နေတဲ့အချိန်အတွင်း ဗုံးကျဲတိုက်ခိုက်တာက လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်။ ဒါကလုံးဝမဖြစ်သင့်ဘူး” ဟု ပြောဆိုသည်။

A Nang Pa ပွဲပြုလုပ်နေသည့် ၃ နေရာခန့်တွင် ဗုံးကျဲခံရသဖြင့် သေဆုံးသူဦးရေ ၈၀ ဝန်းကျင်အထိရှိခဲ့ပြီး ထိုထဲတွင် KIA အရာရှိ ၈ ဦးထက်မနည်း၊ ကချင်အနုပညာရှင် ၄ ဦးထက်မနည်း၊ လုပ်ငန်းရှင်များနှင့် အရပ်သားပြည်သူ အများအပြားသေဆုံးမှု ဖြစ်ပွားခဲ့သည်။

သေဆုံးသွားသည့် ကချင်အနုပညာရှင် ၄ ဦးထဲတွင် တေးသံရှင်ကြီး အော်ရာလီ (Aurali) ၊ ကီးဘုတ်သမား ကိုကင်း (Ko King) တို့ပါဝင်သည်။

ယခုလို စစ်ရေးနှင့်သက်ဆိုင်မှုမရှိဘဲ အများပြည်သူစုဝေးနေသည့်နေရာတွင် စစ်ကောင်စီတပ်မှ လေကြောင်းလိုင်းဖြင့် အင်အားကြီးအသုံးပြုကာ တိုက်ခိုက်ခဲ့သည့်အပေါ်  KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူက KNG ကို ယခုလိုပြောဆိုသည်။

လူတစ်ဦးတစ်ယောက်အနေနဲ့ စဉ်းစားကြည့်ရင်တောင်သိနိုင်ပါတယ်။ စစ်တပ်ရဲ့ လုပ်ရပ်က အများပြည်သူရှိနေတာ သိနေရက်နဲ့ လာပြီး ဗုံးကျဲတယ်ဆိုကတည်းက နိုင်ငံတကာက ချမှတ်ထားတဲ့ စစ်ရာဇဝတ်မှုကျော်လွန်ပြီး လုပ်ဆောင်ခဲ့တယ်လို့ပဲ ပြောချင်ပါတယ်ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၃ ရက်ည အရပ်သားများကို ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် နောက်ရက် အောက်တိုဘာ ၂၄ ရက်တွင်လည်း ဒဏ်ရာရရှိသော ပြည်သူများကိုဖားကန့်မြို့ဘက်သို့ ထွက်လာရန် ပိတ်ပင်ထားခြင်းသည်ဟု စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု ထောက်ပြမှုများရှိနေသည်။

ထို့သို့ ထပ်မံ ပိတ်ဆိုခံထားရသဖြင့် ပြင်းထန်ဒဏ်ရာရရှိသူများ သွေးလွန်မှုဖြစ်ကာ သေဆုံးမှုများ ထပ်တိုးနေဆဲဖြစ်သည်ဟု ဆေးကုသခွင့်ရရှိအောင် ဆောင်ရွက်ပေးနေသည့် KIA နှင့်နီးစပ်သူ ပြည်သူတစ်ဦးထံမှ သိရသည်။

အခုက ထပ်ပြီးသေဆုံးတဲ့သူတွေရှိတယ် တစ်ချို့က ခြေပြတ် လက်ပြတ်ဆိုတော့ ဆေးအချိန်မှီမကုသနိုင်တော့ သွေးလွန်ပြီး သေဆုံးကြတာ။ ဆေးရုံတင်ကုသခွင့်ရဖို့ကတော့ ထပ်ပြီး ဆွေးနွေးဖို့မရှိတော့ဘူလို့လည်းသိရတယ်။ မနေ့ကအထိ ကချင်ရိုးရာတွေနဲ့ KBC PCG အဖွဲ့တွေတက်ပြီး ညှိကြတာ အဆင်မပြေကြဘူးတဲ့လေဟု ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဒဏ်ရာရရှိသူများကို ဆေးကုသခွင့်ရရှိရန်အတွက် ကယ်ထုတ်ခွင့် တားမြစ်ထားသည့်အပြင် KIA နယ်မြေသို့ ကျန်းမာရေးအတွက် သွားရောက်ကူညီလိုသူများကိုလည်း ပိတ်ဆို့ထားခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူများကို ကယ်ထုတ်ရန် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ KBC တို့က စစ်ကောင်စီတပ်ထံ တောင်းဆိုခဲ့သော်လည်း ခွင့်မပြုခဲ့ကြောင်း သိရသည်။

ဗုံးကျဲသတ်ဖြတ်ခံရသည့်အပေါ် အောက်တိုဘာလ ၂၄ ရက်မှ ၂၅ ရက်နေ့အထိ KIO အုပ်ချုပ်ရေးနယ်မြေများရှိ အစိုးရရုံးများနှင့် ပညာရေးကျောင်းများတွင် အလံအတိုင်တစ်ဝက်ချကာလွင့်ထူရန် KIO ညွန်းကြားခဲ့ဖြစ်သည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်သော စစ်ကောင်စီတပ်ကို ကချင်အဖွဲ့အစည်းများ၊ တောင်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ရှုတ်ချ ကြောင်း ထုတ်ပြန်ကြေညာချက်များကို တွေ့ရပါသည်။

ယခုကဲ့သို့ ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကို အာဏာရှင် စစ်ကောင်စီအား တော်လှန်ရေးခွန်အားအဖြစ်သို့ အရှိန်မြင့်တင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့ ရက်စွဲဖြင့် KIO က ထုတ်ပြန်ကြေညာလိုက်သည်။

Show More

Related Articles

Back to top button