တိုက်ပွဲသတင်း

မုံးပေါ် ယနေ့ညတိုက်ပွဲတွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူ ၄ ဦးခန့် ထိခိုက်မှုရှိ

ရှမ်းမြောက် မူဆယ်မြို့နယ် မုံးပေါ်ဒေသအနီး မိုင်ဖန်ရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ တို့ကြား ယနေ့ည ၇ နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် မုံးပေါ်ဒေသခံ ပြည်သူ ၄ ဦးခန့် ထိခိုက် ဒဏ်ရရှိထားကြောင်း သိရသည်။

“၁၀၅ မိုင်ကနေလည်း လက်နက်ကြီးပစ်နေတယ်။ မိုင်ဖန်ဘက်ကနေလည်း ပစ်နေတယ်။ ဒီမုံးပေါ်ထဲကလည်း ပစ်နေတယ်။ အခု ၃ ဦးထိထားတယ်။ ၁၀ မိနစ်လောက် အပြန်အလှန် ပစ်ကြပြီး စစ်တပ်က လက်နက်ကြီး ရမ်းတမ်းပစ်နေတုန်း။” ဟု မုံးပေါ်ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်စ ထိမှန်ထားသူများတွင် အမျိုးသမီး ၂ ဦးပါဝင်သည်ဟု သိရသော်လည်း အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းသို့ လက်နက်ကြီး ဆက်တိုက် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ရွာသားများ ကတုတ်ကျင်းများတွင်း ပုန်းခိုနေရနေသည်ဟု မိုင်ဖန်ရွာခံတစ်ဦးကလည်း ယခုလိုပြောသည်။

“ခဏက ည ၇း၁၀ မိနစ်ကနေ တိုက်ပွဲဖြစ်လာတာ။ စစ်တပ်စခန်းကို လာပစ်တာ။ ခုထိ စစ်တပ်က လက်နက်ကြီးပစ်နေတုန်း ရွာသားတွေကြောက်ပြီး ပုန်းခိုနေကြရတယ်။ ရွာသားတွေထိမှာကိုပဲ စိုးရိမ်နေတယ်။” ဟုပြောသည်။

မုံးပေါ်အနီး မိုင်ဖန်ရွာရှိ ၎င်းခြေလျင်တပ်စခန်းသည် စစ်ကြောင်း ၂ ခုဖြင့် မုံးပေါ်ဒေသတွင် ပုံမှန်စစ်ရေးလှုပ်ရှားနေပြီး လက်နက်ကြီးများလည်း ပုံမှန်ရမ်းသမ်း ပစ်ခတ်လျက်ရှိသကဲ့သို့ KIA၊ MNDAA တို့နှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားလျက်ရှိသည်။

Show More

Related Articles

Back to top button