သတင်းသတင်းဆောင်းပါး

လေကြောင်းအကူနဲ့ ရေကြောင်းအားသာလာတဲ့ စစ်ကောင်စီတပ်

မြေပြင်မှာထိန်းချုပ်မူအားနည်းလာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဧပြီလနှောင်းပိုင်းကစပြီး စစ်ကိုင်းတိုင်းဒေသအထက်ပိုင်း ကချင်ပြည်နယ်ဘက်ကို စစ်အင်အား၊ လက်နက်၊ ရိက္ခာ၊ လောင်စာဆီ၊ လေယာဉ်ဆီတွေကို ဧရာဝတီမြစ်ကြောင်းကို အဓိကအသုံးပြုလာတာ တွေ့ရပါတယ်။

ဒီထိတက်လာဖို့ဆိုရင် စစ်ကိုင်းကဖြတ်ရမှာလေ အဲလမ်းတစ်လျှောက်သူတို့ဖြတ်လို့မလွယ်ဘူး ခနနတိုက်ခံနေရတော့ ရေကြောင်းကိုပိုအားသာလာကြတယ်။ ရေကြောင်းက သူတို့ကိုထိရောက်တဲ့တိုက်ခိုက်မူ မလုပ်နိုင်ဘူးဆိုတာ သိနေလို့ ခုနောက်ပိုင်းရေကြောင်းကို သွင်သွင်ကျယ်ကျယ်သုံးလာတာတွေ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အရင်က ရွှေဘိုအင်းတော်မြစ်ကြီးနား လမ်းနှင့် ထီးချိုင့် ကားလမ်းတွေကို အသုံးပြုပြီး လောင်စာဆီတင်ပို့ပေမယ့် လမ်းကြောင်းတစ်လျောက် ပစ်ခတ်တိုက်ခိုက်ခံရမှုတွေကြောင့် ရေကြောင်းကို အဓိက အသုံးပြုလာတာဖြစ်ပါတယ်။

သို့သော် ရေကြောင်းဖြင့် ပို့ဆောင်လာရာမှာလည်း သင်္ဘောတက်လာရာ မြစ်ကြောင်းတစ်လျှောက် မကြာခနဆိုသလို KIA နှင့် PDF ပူးပေါင်းတပ်တွေရဲ့ စောင့်ကြိုတိုက်ခိုက်မူခံနေရကာ ပြီးခဲ့တဲ့ဩဂုတ်လ ၁၈ ရက်နေ့ မန်းလေးမှဗန်းမော်ဆန်တက်လာတဲ့ သင်္ဘော ၆ စီး တိုက်ခိုက်ခံရမူမှာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မူအများဆုံးရှိခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် အထိနာလာတဲ့ စစ်တပ်ဟာ ပြည်သူတွေကိုငဲ့ညာခြင်းမျိုးမရှိဘဲ စက်တင်ဘာလကနေစပြီး သင်္ဘောဆန်တက်ရာ မြစ်ကြောင်းတစ်လျှောက် တိုက်လေယာဉ်အပြင် ရဟတ်ယာဉ်တွေနဲ့ သင်္ဘောကို အနီးကပ် ကင်းထောက်ပေးပြီး လမ်းကြောင်းရှင်းတာတွေ စတင်လုပ်ဆောင်လာပါတယ်။

ဒီလိုလေကြောင်းအသုံးပြုလာတဲ့အတွက် ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေအနေနဲ့ ပစ်ကွင်းကို ရှောင်ပေးလိုက်ရတာတွေ ပိုများလာတယ်လို့ သိရပါတယ်။

အဲပုဇင်းက သင်္ဘောတက်တဲ့လမ်းတစ်လျှောက် နိမ့်နိမ့်လေးပျံနေတာ ဘယ်လောက်ထိနီးလဲဆိုရင် အဲပုဇင်းကနေ စက်သေနတ်နဲ့ မြေပြင်ကနေတောင် လှမ်းပစ်လို့ရတယ်။ ပစ်လို့ရပေမယ့် ကိုယ့်ဘက်က အရမ်းအထိနာနိုင်တဲ့ဟာမျိုးတွေမို့ရှောင်လိုက်ရတာတွေရှိတယ်။ ပြီးတော့ ပြည်သူတွေကိုလည်း ငဲ့တာပါတယ် ကျနော်တို့ဘက်ကသာ သေရင်သေပစ်ကြည့်လိုက်လေ သူတို့ကခုထက်ပိုပြီး ယမ်းပစ်တော့မှာ” ဟု ဆိုသည်။

သင်္ဘောတွေကို အနီးကင်းထောက်ပေးနေတဲ့ စစ်ရဟတ်ယာဉ်ဟာ ကသာမြို့အခြေစိုက် ခမရ ၃၀၉ မှဖြစ်ပြီး တိုက်လေယာဉ်ကတော့ မန္တလေးတံတားဦးဘက်မှ တက်လာတာလို့လည်း ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။

အခုနှစ်အတွင်း ဇန်နဝါရီ မှဇူလိုင်လအထိ သင်္ဘောနဲ့ ရိက္ခာပို့တာ ၂ကြိမ်သာရှိခဲ့ပြီး ဩဂုတ်လမှ အောက်တိုဘာလအထိ ၃ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။

မကြာခန တိုက်ခိုက်ခံရတဲ့ စစ်သင်္ဘောတွေဟာ စစ်ဗျူဟာပြောင်းပြီး ဆန်တက်လာရာ အောက်တိုဘာလ ၁၄ ရက်နေ့ တက်လာတဲ့သင်္ဘောက အစီးရေအများဆုံးနဲ့ မြစ်ကြောင်းတစ်လျှေက် ထိခိုက်မှု အနည်းဆုံးနဲ့ ဆန်တက်လာနိုင်ခဲ့ပါတယ်။

ဒီတစ်ခေါက်ရောက်သွားတာတော့ သူတို့ဘက်က ထိခိုက်မူသိပ်မရှိဘူး ကသာအဝင်နားမှာ ရှော့ဒုံးနဲ့တော့ ကျနော်တို့ဘက်က တိုက်ခိုက်ခဲ့သေးတယ်။ ဒါပေမယ့် သူတို့သင်္ဘောတွေကမြစ်လယ်ကသွားတာဆိုတော့ ကျနော်တို့ဘက်က သင်္ဘောကိုမြုပ်သွားရလောက်ထိ တိုက်ခိုက်နိုင်တဲ့လက်နက်တွေမရှိတော့ ကျနော်တို့အားနည်းချက်ကို သူတို့သိနေတာဟု ဆိုသည်။

ဒါဟာ လေကြောင်းအသုံးပြုခြင်းကြောင့်ဖြစ်သလို စစ်ဗျူဟာပြောင်းပြီး ဆန်တက်လာကြောင့်လည်း ပါဝင်တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက သုံးသပ်ပြောဆိုပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ ဆန်တက်လာတဲ့ သင်္ဘော ၇ စီးမှာ အရပ်သုံးသင်္ဘော ၅ စီးပါဝင်ပြီး လက်နက်ကြီးတပ်ဆင်ထားတဲ့ စစ်တပ်သုံးသင်္ဘောအငယ် ၂ စီးပါဝင်ပါတယ်။ တိုက်ခိုက်ခံလိုက်ရပြီးနောက်မှာတော့ အရပ်သုံးသင်္ဘော ၅ စီးရဲ့ရှေ့နောက်မှာ လက်နက်ကြီး တပ်ဆင်ထားတဲ့ စစ်သင်္ဘော ၂စီးဖြင့်ညှပ်ကာ ဆန်တက်ခဲ့တဲ့အပြင် ဝေဟင်လုံခြုံရေးအပြည့်နဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ ဗန်းမော်ဆိပ်ကမ်းကို ဆိုက်ရောက်သွားခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ သင်္ဘောဆန်တက်ရာမြစ်ကမ်းတစ်လျှောက် ပြည်သူတွေကို ဓါးစာခံဖမ်းဆီးတာတွေအပြင် သင်္ဘောပေါ်မှ ယမ်းသမ်းပစ်ခတ်မူတွေကြောင့် အရပ်သားပြည်သူ ထိခိုက်နစ်နာမူ ပိုများလာခဲ့တာဖြစ်ပါတယ်။

ကျနော်တို့ဘက်က ပစ်ပြီဆိုရင် သူတို့က ဘာမဆိုင်တဲ့ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့လှမ်းထုပြီ။ ပြီးတော့ ကုန်းကြောင်းကနေ သင်္ဘောလုံခြုံရေးယူတဲ့စစ်ကြောင်းတွေက နေအိမ်တွေမီးရှိုတယ် ပြည်သူတွေကိုဖမ်းတယ် ရိုက်တယ်။ နှိပ်စက်တာတွေလုပ်တော့ လုပ်ရကိုင်ရတဲ့အပိုင်းမှာ တော်တော်လေးခက်တယ်။ သူတို့ကပြည်သူတွေကို ငဲ့တာမဟုတ်ဘူး သူတို့လုံခြုံဖို့ပစ်တာဘဲလို့ KPDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သင်္ဘောဆန်တက်ရာ မြစ်ကြောင်းတစ်လျှောက် ယမ်းသမ်းပစ်ခတ်မူတွေကြောင့် မြစ်ကမ်းနံဘေးရှိကျေးရွာများဖြစ်တဲ့ မိုးတားလေး၊ ရေနီ၊ တုတ်ကြီး၊ အထက်သံပရာကုန်း ၊အထက်ဝဲကြီး၊ မဲဟင်း၊ မင်းလယ်၊ သာစည်၊ ကုန်းသာ၊ မင်းကျောင်းကုန်း၊ ဆင်ကုန်တိုင်၊ သဖန်းဒေါင့်၊ စစ်ကုန်း၊ ဘန့်ဘွေး၊ ဒုန်းအော့၊ သစ်ဖြူကုန်း၊ ကုလွေရွေအစရှိတဲ့ ကျေးရွာကပြည်သူတွေဟာ မကြာခနဆိုသလို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ယင်းကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေဟာ အသက်မွေးဝမ်းကြောင်းအတွက် လယ်ယာမြေလုပ်ငန်း လုပ်ကိုင်ရာမှာ ခက်ခဲနေတဲ့အပြင် လက်နက်ကြီးကျည်ထိမှန်တာကြောင့် ကျွှဲ၊ နွားတိရိစ္ဆာန် ဆုံးရှုံးမူများလည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

လက်နက်ကြီး ယမ်းသမ်းပစ်ခတ်တာတွေကြောင့် ၂၀၂၂ ခုနှစ်တွင်း အသက် ၁၂ နှစ်အောက် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၆ ဦးထက်မနည်း ထိခိုက်သေဆုံးမူရှိခဲ့ပါတယ်။

စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ စစ်တပ်ဟာ စစ်ကိုင်းကချင်နယ်စပ်ဘက်ကို ကုန်းကြောင်း၊ ရေကြောင်းအသုံပြုပြီး ထိုးစစ်ဆင်နေရာ လေကြောင်းအကူပေးပြီး ရေကြောင်းအသုံးပြုခြင်းက စစ်တပ်အတွက် အားသာချက်ဖြစ်လာနေပါတယ်။

အဖက်ဖက်မှ ထိခိုက်လာတဲ့စစ်တပ်ဟာ တစ်နိုင်ငံလုံးတစ်ပြိုင်နက် ထိုးစစ်ဆင်နိုင်ဖို့ လေကြောင်း အင်အားအဓိက အားထားလာတာလို့လည်း ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။

လေကြောင်းနဲ့က သူတို့အားသာချက်ဖြစ်နေတာ။ ဒါပေမယ့် ကျနော်တို့လည်း ဒီရေကြောင်းမှာတော့ အဟန့်အတားလုပ်နိုင်ဖို့ ကြိုးစားသွားမှာပါ လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂအထူးကိုယ်စားလှယ်ရဲ့ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလက အစီရင်ခံစာမှာတော့ မြန်မာစစ်တပ်ဟာ ကျေးရွာတွေကို မဆင်မခြင် ဗုံးကြဲတိုက်ခိုက်တယ်လို့ စွပ်စွဲပြောဆိုထား‌ပြီး မြန်မာစစ်အစိုးရကို လက်နက်ရောင်းချမူ ပိတ်ပင်ရန် တောင်းဆိုထားပါတယ်။

Show More

Related Articles

Back to top button