တိုက်ပွဲသတင်း

လုံဂျာဘွမ်သို့ စစ်တပ်အင်အားထပ်တိုး လက်နက်ကြီးပစ်ခတ်သံများကြားရဟု ဒေသခံများပြော

မိုးမောက်မြို့နယ် လုံဂျာဘွမ်တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ လက်နက်ကြီးပစ်ခတ်သံများ ပြန်လည်ကြားရပြီး စစ်ကောင်စီဘက်မှလည်း စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းလာသည်ဟု ဒေသခံများထံမှ သိရသည်။

ဒီမနက်ကနေ လုံဂျာဘွမ်တောင်ဘက် လက်နက်ကြီးတွေ ပစ်ခတ်သံတွေ ပြန်ကြားနေရတယ်။ အချက်ပေါင်းအများကြီး ကြားရတယ် ။ ဘယ်ဘက်ကနေ ပစ်ခတ်နေလဲမသိဘူး။ ဒါမှမဟုတ် တိုက်ပွဲဖြစ်နေတာလား။ တစ်ချို့က တိုက်ပွဲငြိမ်သွားပြီထင်လို့  စပါးရိတ်ဖို့သွားကြတယ်။ လက်နက်ကြီးသံတွေ ပြန်ကြားရတော့ အကုန်ပြန်ထွက်ပြေးလာကြတယ်” မိုးမောက်ဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

လက်ရှိတွင် ဒေသခံများ လက်နက်ကြီးသံအဆက်မပြတ်ကြားနေရဟုပြောဆိုနေသော်လည်း တိုက်ပွဲဖြစ်ပွားသည့်အခြေအနေ အသေးစိတ်မသိရသေးပါ။

ယနေ့ နံနက်ပိုင်း ၄ နာရီဝန်းကျင်မှစကာ ဗန်းမော်မြို့ဘက်ကနေ မိုးမောက်မြို့ လုံဂျာဘွမ်တောင်ကုန်းဘက်သို့ စစ်ကောင်စီတပ် ခြေလျင် စစ်ကြောင်း ၂ခုဖြင့် စစ်အင်အား ၁၀၀ ဝန်းကျင် စစ်အင်အားထပ်မံဖြည့်တင်းလာသည်ဟု မျက်မြင်တွေ့ရှိသည့် မိုးမောက်ဒေသခံများထံမှသိရသည်။

မနက်အစောကြီး ၄ နာရီလောက်မှာ တစ်ကြောင်းသွားလိုက်တယ်။ ၇ နာရီလောက်မှာ နောက်တစ်ကြောင်း ထပ်ရောက်လာတယ်။ စစ်ကြောင်း ၂ ခုမှာ စစ်အင်အား က ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ ဝင်လာတာက ခါနန်၊ ဝဝမ် ဘက်ကနေပဲ ဝင်တာကြတာဟုတ် ဟု မိုးမောက်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် လုံဂျာဘွမ်ဘက်ကို မိုးမောက်မြို့ အခြေစိုက် ခမရ ၄၃၇ တပ်၊ ဗန်းမော် ၄ မိုင်တပ်၊ ၃ မိုင်တပ်၊ ၂ မိုင်တပ်နှင့် မိုးမောက်မြို့ အနောက်ဘက်ခြမ်းစသည့်  ၅ နေရာခန့်မှ နေ့စဉ်အဆက်မပြတ် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံများပြောဆိုသည်။

ထိုသို့ စစ်ကောင်စီဘက်မှ လက်နက်ကြီးများ အလွန်အကျွံပစ်ခတ်မှုကြောင့် မိုးမောက်ဒေသခံများဖြစ်ကြသည့် ခါနန်၊ လုံဂျာနှင့် ဝဝမ် စသည့်ကျေးရွာ ၃ခု၏ ဒေသခံတောင်သူများ လယ်ယာလုပ်ငန်းများ ရိတ်သိမ်းရန် အခက်အခဲကြုံတွေ့နေရခြင်းဖြစ်သည်။

မိုးမောက်နယ် လုံဂျာဘွမ်တောင်ကုန်းဘက်တွင် အောက်တိုဘာလ ၂၂ ရက်နေ့မှစကာ စစ်ကောင်စီတပ် လေကြောင်း၊ ကုန်းကြောင်းလမ်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် လုံဂျာဘွမ်တောင်တွင် ၁၀ ရက်ခန့် ကြာမြင့်လာသော်လည်း ၂ ဖက်တပ် စစ်ရေးတင်းမာလျက်ရှိနေသည်။

Show More

Related Articles

Back to top button