သတင်းသတင်းဆောင်းပါး

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

စစ်ကောင်စီအုပ်ချုပ်သည့်ကာလ အလုပ်အကိုင်ရှားပါးမှုကြောင့် လူငယ်တော်တော်များများ နယ်စပ်ဒေသ အွန်လိုင်းနဲ့ ငွေလိမ်လည်တဲ့ မှောင်ခိုလုပ်ငန်းတွေမှာ လွတ်လမ်း ရှာမတွေ့အောင် လူကုန်ကူးခံနေရပါတယ်။

မြန်မာတရုတ်နယ်စပ် လောက်ကိုင်၊ ပန်ဆန်း၊ မိုင်းပေါက်၊ မြန်မာထိုင်းနယ်စပ် မြ၀တီ၊ ရွှေကုက္ကူဒေသတွေမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အွန်လိုင်းကတစ်ဆင့် ငွေလိမ်ပြီး စီးပွားရှာတဲ့လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်ပြီး သိသိသာသာ ပြုလုပ်လာကြတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက ပွဲစားတချို့က လုပ်ငန်းချိတ်ဆက်ပေးမယ်လို့ လိမ်လည်ပြီး လူငယ် ၁၈ ဦး ကို ရှမ်းမြောက် မိုင်းပေါက်မှာ ရောင်းစားလိုက်တဲ့အထဲ ဝိုင်းမော်မြို့က ကချင်တိုင်းရင်းသူ ၂ ဦးလည်း ပါဝင်ခဲ့ပါတယ်။ မိသားစုနဲ့အဆက်အသွယ်မရတာ တစ်ပတ်ကျော်ကြာနေပြီဖြစ်ပါတယ်။

သူတို့ ၁၆ ယောက်လို့ ပြောတယ်။ အခု ၁၆ ယောက်ထဲမှာ ၈ ယောက်တစ်ဖွဲ့စီ ခွဲလိုက်ပြီပြောတယ်။ တစ်ဖွဲ့တစ်ဖွဲ့ဆိုပေမဲ့ ကုမ္ပဏီဝင်းက အကျယ်ကြီး။ အိမ်တွေကလည်း အများကြီးတဲ့။ အဲတစ်ဝင်းတည်းဆိုပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရဘူးတဲ့ အဲ့လိုပြောတယ်။ အဲ့ဒါ သူက ကျမတို့ကို နောက်တစ်နေရာပြန်ရောင်းစားတော့မယ် ထင်တယ်တဲ့။ တရုတ်တွေ လာကြည့်သွားတယ်တဲ့။ အဲ့ဒီ မက်ဆေ့စ်က နောက်ဆုံးပို့ခဲ့တဲ့မက်ဆေ့စ်ပဲ။ အခု သူနဲ့အဆက်အသွယ်မရတော့ဘူး။ သူတို့ ဖုန်းလည်းမပေးတော့ဘူးလား ဘာလားမသိဘူးဟု ဝိုင်းမော်မြို့ မှ ရောင်းစားခံရသူတစ်ဦးရဲ့ အစ်မဖြစ်သူက KNG ကို ပြောပါတယ်။

အလုပ်ခေါ်စာကို ဖေ့ဘုတ်ကတစ်ဆင့်တွေ့ပြီး ချိတ်ဆက်ယူတာကြောင့် ပွဲစားတချို့ ကနေအိမ်အထိ လာရောက်ခေါ်ယူသွားကာ ၀ ဒေသ မိုင်းပေါက်မှာ ရောင်းစားလိုက်တဲ့အထဲ အသက် ၂၀နှစ်ကျော်အရွယ် ညီမဖြစ်သူလည်း ပါဝင်သွားတယ်လို့ ပြောပါတယ်။

အစပိုင်းမှာ မိသားစုနဲ့ အွန်လိုင်းကတစ်ဆင့် အဆက်အသွယ်ရနေသေးတဲ့အချိန် အမြန်လာကယ်ထုတ်ဖို့ မက်ဆင်ဂျာကတစ်ဆင့် စာရေးလာတာကို မိသားစုကတွေ့ခဲ့ပေမဲ့ အကူအညီတောင်းဖို့ ဘယ်သူမှ မရှိခဲ့ဘူးလို့ အခုလို ဆက်ပြောပါတယ်။

ဖုန်းပြောလို့မရဘူး။ စာပဲနည်းနည်းပါးပါး အခြေအနေဘယ်လိုလဲ ဘာညာမေးဖြစ်ကြတော့ အခြေအနေမကောင်းဘူး ဘာညာပေါ့။ အမြန်လာကယ်ထုတ်ပေးပါ။ တစ်ခါတလေကျရင်လေ ကိုယ့်ကိုယ်ကို သတ်သေချင်လာပြီ။ ဘာညာ၊ မြန်မြန်လာထုတ်ပေးပါ။ အိမ်ကနေ ဘာမှ မလုပ်ပေးနိုင်တော့ဘူးလားဆိုပြီး စာတွေရောက်ရောက်လာတော့ ကျမတို့က အဲ့ဒါကိုဖတ်ပြီး မျက်ရည်နဲ့ပဲ နေနေရတာပေါ့။ဟု ဆိုသည်။ 

အခုလို ရောင်းစားခံရတဲ့ လူငယ်တွေဟာ လုပ်ငန်းတွင်းကနေ လွတ်မြောက်ချင်ရင် တရုတ်ယွမ်ငွေ သိန်းချီပေးရမှာဖြစ်သလို လုပ်ငန်းကောင်းကောင်း မလုပ်ပေးနိုင်ရင်လည်း ရိုက်နှက်နှိပ်စက်ခံရတာတို့၊  တခြားကုမ္ပဏီတစ်ခုဆီ ပြန်ရောင်းစားခြင်း ခံရတာတို့ ကြုံတွေ့ခံစားနေရပါတယ်။

သူတို့ကို တရုတ်တွေကပြောတယ်တဲ့ နင်တို့ကို တစ်ယောက်ကို တရုတ်ငွေ ၁ သိန်းနဲ့ဝယ်ထားတယ်။ တစ်ခါပြော။ ၂ သိန်းနဲ့ ဝယ်ထားတယ် တစ်ခါပြော။ နောက်ဆုံးတော့ နင်တို့ ငွေ ၅ သိန်းရှာပေးနိုင်မှ ဒီကလွတ်မယ် တစ်ခေါက်လာပြော။ ဘယ်လောက်ပဲရှာပေး ရှာပေး တစ်သက်လုံးခေါ်ထားချင်လည်း ခေါ်ထားမယ်။ မလွတ်ဘူး အဲ့မျိုးပေါ့။ တရုတ်တွေ အမျိုးမျိုး သူတို့ကို လာပြောတယ်တဲ့။ စိတ်ကျဉ်းကျပ်စေတယ်။ ခြိမ်းခြောက်တယ်။ တစ်ယောက်တစ်ခန်း လက်ထိပ်ခတ်ပြီး အမှောင်ချထား။  အဲ့မျိုးလည်း လုပ်သေးတယ်တဲ့။ သူတို့တစ်ဖွဲ့လုံး အဲဒီအလုပ်ကို မလုပ်ချင်တော့ဘူး၊ ပြန်တော့မယ်လို့ ပြောတော့ ရိုက်နှက်တာတဲ့။” လို့ ဝိုင်းမော်မြို့မှ ရောင်းစားခံရသူတစ်ဦးရဲ့မိသားစုဝင် အစ်မဖြစ်သူက ပြောပါတယ်။

လက်ရှိ လောက်ကိုင်၊ ပန်ဆိုင်း၊ မိုင်းပေါက်၊ မြ၀တီ၊ ရွှေကုက္ကူ စတဲ့ဒေသတွေမှာ  အွန်လိုင်းနဲ့ငွေလိမ်လည်တဲ့လုပ်ငန်းအတွက် အလုပ်သမားခေါ်ယူရာမှာ ကြားခံပွဲစားနဲ့ လာတဲ့သူအားလုံးက ရောင်းစားတာခံလိုက်ရတဲ့သူတွေဖြစ်သွားပြီး ကြားခံပွဲစားမပါဘဲ  ကိုယ်တိုင်လာလျှောက်တဲ့သူတွေကတော့ လွတ်မြောက်လမ်းရှိနိုင်သလို လုပ်ငန်းတွင်း ရိုက်နှက်နှိပ်စက်တာတွေလည်း မရှိဘူးလို့ ထိုင်းကရင်နယ်စပ် မြ၀တီကဒေသအကြောင်းသိတဲ့ ပြည်သူတစ်ဦးက  ပြောပါတယ်။

ကြားခံပွဲစားရဲ့ အချိတ်အဆက်နဲ့လာတဲ့သူတွေနဲ့ ကိုယ်တိုင်အလုပ်လာရှာရင်း လာလျှောက်တာက မတူဘူး။ သူတို့လုပ်ငန်းခေါ်တဲ့ ပုံစံက အင်္ဂလိပ်နည်းနည်းပါးပါး ရရမယ်။ ကွန်ပျူတာ စာရိုက်တတ်ရမယ်။ ဧည့်သည်နဲ့ စကားပြောရမယ်။ အဲ့လိုမျိုးပြောပြီး လူခေါ်တယ်။ ဂိမ်းတစ်ခုလိုမျိုး ငွေရှာပြီး ငွေသွင်းငွေထုတ်လေးနဲ့ လွယ်လွယ်လေးဆိုပြီးပြောတယ်။ နောက်ပြီး တချို့က အလုပ်သမားခေါ်တဲ့ ပုံစံမျိုးနဲ့ စာရွက်နဲ့ခေါ်တယ်။ လစာ ဘယ်လောက်ဘယ်လောက်၊ ရည်မှန်းချက် ဘယ်လိုဘယ်လိုဆိုပြီး ပြောထားတယ်။ အဲ့မျိုးကျတော့ တချို့က ယုံပြီးသွားလုပ်တယ်။ သွားတော့ အလုပ်မရတဲ့အပြင် ရောင်းစားခံရတာ။ သူတို့ကိုယ်သူတို့တောင် ရောင်းစားခံရမှန်းမသိဘူး။ အဲ့အလုပ် ဖုန်းနဲ့ပဲ သူများကို ပြန်လိမ်ရတာပေါ့။ ဆိုတော့ မလိမ်နိုင်တော့တဲ့အချိန် ထွက်မယ်ပြောတော့ နောက်ဆုံး ကိုယ်သိလိုက်တာက အလုပ်ရှာပေးတဲ့သူက ကိုယ့်ကိုရောင်းစားခဲ့ပြီဆိုတဲ့ဟာမျိုး။ အခုတော်တော်များများဖြစ်နေတာလည်း အဲ့မျိုးပဲ။” လို့ အမည်မဖော်လိုသူ မြ၀တီမြို့ခံတစ်ဦးက ပြောပါတယ်။

အခုလို လူကုန်ကူးပြီး လိမ်လည်တဲ့လုပ်ငန်းတွေဟာ ၀ ဒေသနဲ့ လောက်ကိုင်၊ မြ၀တီဒေသတွေအပြင် ရှမ်းမြောက် မူဆယ်မြို့တွေမှာ အများအပြား ရှိနေတာပါ။

တစ်ဖက်မှာ လူကုန်ကူးမှုလျော့ချရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းများကလည်း လက်ရှိဖြစ်စဉ်များက မြန်မာပြည်တွင်း နယ်စပ်ဒေသများတွင် အဖြစ်များနေသောကြောင့် ကူညီပေးဖို့ရန် ခက်ခဲလှကြောင်း ဆိုပါတယ်။

ဒါကြောင့် လူငယ်များအနေနဲ့ အဲဒီဒေသတွေဆီ အလုပ်အကိုင်ရှာဖွေတာ ရှောင်ရှားသင့်တယ်လို့ ကချင်အရပ်ဘက်အဖွဲ့အစည်းတစ်ဖွဲ့က အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။  

ဘယ်လောက်ပဲ လစာကောင်းတဲ့အလုပ်ဖြစ်တယ်ပြောပြော ကိုယ့်ကို ချိတ်ဆက်ပေးတဲ့သူတွေရဲ့ အကြောင်းကို သေချာလေ့လာစုံစမ်းသင့်တယ်။ ဆွေမျိုးဖြစ်ပါစေ၊ သူငယ်ချင်းဖြစ်ပါစေ၊ တချို့ဆို အမှုတော်ဆောင်တွေပဲဖြစ်ပါစေ ကိုယ်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ကိုယ်သွားလုပ်မယ့်အလုပ်က ဘယ်လိုမျိုးအလုပ်ဆိုတာကို ကောင်းကောင်းလေ့လာရမယ်။ အခုလိုမျိုးဒုက္ခခံစားပြီဆိုမှ ကူညီပေးဖို့ တောင်းဆိုလာရင်က သူတို့ဒုက္ခရောက်နေသူအားလုံးကို ကူညီမှု ဒီချိန်မှာ ဘယ်သူမှမရှိဘူး။ ဖြစ်နိုင်ရင်တော့ အဲ့ဒီဒေသတွေဆီ အလုပ်သွားလုပ်မှာထက် တခြား ကိုယ့်အတွက် တိုးတက်ရာလမ်းကြောင်းလည်းရှိမယ်။ ငွေလည်းရနိုင်တယ်။ တခြားနေရာဒေသတွေဆီပဲ ရွေးချယ်နိုင်ရင်တော့ ပိုကောင်းပါတယ်။” လို့ ပြောပါတယ်။

တရားဥပဒေမဲ့ နည်းလမ်းအသုံးပြုကာ ငွေမည်းရှာဖွေနေတဲ့ ကုမ္ပဏီအမျိုးအစားတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားပြီး ကျယ်ပြန့်လာတာကို တွေ့ရပါတယ်။

အခုလို ကုမ္မဏီဝင်းများအတွင်း လူငယ်များ ဘယ်လောက်ထိရောင်းစားခံရပြီး လွတ်မြောက်လမ်းမရှိ ဒုက္ခခံစားနေကြရခြင်းနှင့် သတင်းမထွက် အသက်ဆုံးရှုံးသွားသူများစာရင်းကို စုံစမ်းသိရှိနိုင်ရန်လည်း ခက်ခဲလှပါတယ်။

Show More

Related Articles

Back to top button