Fact Checkသတင်း

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

၂၀၂၂ ခုနှစ်အတွင်း KIA နှင့် PDF အဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အလုံး ၅၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည် ဆိုသော သတင်းအမှားကို စစ်တပ်ထောက်ခံသူများက ထပ်မံ ဖြန့်ဝေနေကြသည်။

အဆိုပါ သတင်းအမှားကို ခင်ညိုချောဆိုသည့်ဖေ့စ်ဘုတ်အကောင့်တွင် နိုဝင်ဘာလ ၂၇၊ ၂၈၊ ၂၉ ရက်နေ့များတွင် ဆက်တိုက် ရေးသားခဲ့ပြီးနောက် “Tatmadaw Daily Activity” “MT News- Myanmar Transparency” “ Myanmar Newspapers” “Myanmar Hard Talk” “Manaw Myay-မနောမြေ” “NP News-Myanmar” စသည့် Telegram အကောင့်များတွင်လည်း ပြန်လည်မျှဝေထားသည်ကို တွေ့ရသည်။

ခင်ညိုချောဖေ့စ်ဘုတ်အကောင့်တွင် ဖော်ပြထားသောအကြောင်းအရာမှာ “KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၄၈ လုံး၊ မကွေးတိုင်း ဒေသကြီးအတွင်း အိမ်ခြေ ၂၈ လုံးနှင့်ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၂၀ လုံးနှင့် ကချင်ပြည်နယ်အတွင်း အိမ်ခြေ ၃၀ လုံး ပျက်စီးခဲ့သည်” ဆိုသော သတင်းအမှားဖြစ်သည်။

ထို့အပြင် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် “စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာမှ စကစတပ် နှင့် KIA PDF ၂၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA များဟာ အလယ်တောကျေးရွာမြောက်ပိုင်းက နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားခဲ့တဲ့အတွက် နေအိမ် ၁၀၀ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်.. အလားတူ အလယ်တောကျေးရွာ တောင်ပိုင်းမှာလည်း ခရစ်ယာန်ဘာသာဝင်အများစုဖြစ်တဲ့ KIA PDF တွေဟာ ဗုဒ္ဓဘာသာဘုရားကုန်းကို အကာအကွယ်ယူ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှု များလာတဲ့အချိန် ဆုတ်ခွာထွက်ပြေးစဉ်မှာတော့ ရွာတောင်ပိုင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ် ၁၅၀ လုံးခန့် မီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်ဟု ထပ်မံ ရေးသားထားသည်။

အထက်ဖော်ပြပါ အချက်အလက်များကို စစ်ဆေးကြည့်ရှုရာတွင် သတင်းအမှား များသာဖြစ်သည်ကို တွေ့ရသည်။

အဘယ်ကြောင့်ဆိုသော် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အင်ကြင်းကုန်းရွာနှင့် အလယ်တောရွာ ရှိ ပြည်သူများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ “RFA Burmese” နှင့် “Khit Thit Media” သတင်းဌာနများတွင် ဒေသခံများ၏ ပြောဆိုထားချက်အရ ကျေးရွာမီးရှို့သူများမှာ စစ်ကောင်စီတပ်သားများဖြစ်ပြီး ဒေသခံ ငါးထောင်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တွေ့မြင်နိုင်သည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ်အတွင်း KIA နှင့် PDF အဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အလုံး (၅၀၀) ကျော် မီးလောင်းခဲ့ရသည်ဆိုသော သတင်းနှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အင်းကြင်းကုန်းရွာနှင့် အလယ်တော်ရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည်ဆိုသော ဖော်ပြချက်များမှာ သတင်းအမှားများသာ ဖြစ်သည်။

လက်ရှိကာလတွင် စစ်ကောင်စီတပ်သည် ၎င်းတို့ကို ဆန့်ကျင်သော ပြည်သူများ၏ နေအိမ်ကို မီးရှိုပြီး အဆိုပါလုပ်ရပ်အတွက် ၎င်းတို့ကို တော်လှန်နေသော လက်နက်ကိုင်များကို အပြစ်တင်သည့် သတင်းအမှားများကို ဖြန့်ဝေနေသည်ကို တွေ့ရပါသည်။

စစ်ကောင်စီကို ထောက်ခံသူများသည် စစ်အာဏာရှင်အမြစ်ဖြုတ်ရန် ဆန့်ကျင်တော်လှန်နေကြသော အစုအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်၍ ပြည်သူများအကြား အထင်မှားအမြင်မှားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် သတင်းအမှားများကို ဖေ့စ်ဘုတ်၊ Telegram စသည့် လူမှုကွန်ယက်ပလက်ဖောင်းများတွင် ရေးသားဖြန့်ဝေနေကြသည်ကို သတိပြုသင့်ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် သတင်းများကို ဖတ်ရှုရာတွင် ယုံကြည်ရသော ဒေသအခြေစိုက် သတင်းဌာနများ၏ ဖော်ပြချက်များဖြင့် စစ်ဆေးကာ ယုံကြည်သင့်ပါသည်။

Show More

Related Articles

Back to top button