မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

အင်းတော်ကြီးဒေသ ရွှေတူးဖော်မှုကြောင့် ရေလမ်းကြောင်းပျက်စီးပြီး ဒေသခံများ ရွှေ့ပြောင်းနေထိုင်ရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ဆယ်စုနှစ်တစ်ခုအကြာ အကြီးစား ရွှေတူးဖော်မှုများကြောင့် လူနေအိမ်များ ပြောင်းရွေ့နေရသည့်အပြင် အရေးပါသည့် ရေကြောင်းလမ်းများပါ ပျက်စီးနေပြီဟု ဒေသခံများ ပြောဆိုသည်။

ယခင်က ထိုဒေသ ရွှေတူးဖော်မှုရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် သတ်မှတ်ထားသည့်နေရာကျော်လွန်းပြီး အလွန်အကျွံ တူးဖော်နေသည့်အပေါ် အလွန်းစိုးရိမ်နေရကြောင်း မိုင်းနောင်ဒေသခံတစ်ဦးက KNG ကို ပြောသည်။

“ဒီလို စက်ယန္တရားတွေနဲ့သာ ဆက်တူးနေရင်တော့ နောက်ထပ်ဆယ်စုနှစ်တောင်မကြာဘူး အကုန်ရွှေ့ပြောင်းရမယ့် အနေအထားမှာ ရောက်သွားတော့မှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ အိမ်ခြံဝင်းတွေကို ရောင်းစားပြီး ဖြည်းဖြည်းချင်း တူးနေကြတယ်။ သူတို့က တစ်ဧကကို ၁ လကျော်လောက်တောင်မတူးကြဘူး။ ပြီးရင် ရွှေတူးလိုက်တဲ့နေရာတွေမှာဆို မြေကြီးတွေပြန်ဖို့ ပေးတာတွေ လုံးဝ မရှိဘူး။ ဒါကြောင့် ရေရှည်မှာ လုံးဝ အလားအလာ မရှိတော့ဘူး”ဟု ပြောဆိုသည်။

ထို့သို့ကြောင့် အကျိူးဆက်အနေဖြင့် ဒေသခံများ မှီခိုအသုံးပြုနေသည့် ခေါင်းတုန်ခ၊ နမ့်တန်ခ နှင့် အင်မြန်ခ စသည့် ချောင်းရေများသည် ရေလမ်းကြောင်းများ ပျက်စီးသွားကာ ရေခမ်းခြောက်နေပြီဟု သူက ဆက်ပြောသည်။

“မနှစ်တုန်းနဲ့ ဒီနှစ်ကတော့ အရင်တုန်းက တူးလိုက်တဲ့နေရာမှာပဲ စက်ကြီးတွေနဲ့ အောက်ကြောကို ပြန်တူးနေကြတယ်။ အဲ့ကြောင့် ရေကြောတွေပြတ်လာတယ်။ ရေကြောပြတ်လာတော့ ဒေသခံတွေသောက်သုံးတဲ့ ချောင်းရေတွေပါ ခမ်းခြောက်လာတယ်။ ပြီးရင် ရွှေတူးလိုက်တဲ့ နုန်းမြေတွေက ရေလမ်းကြောင်းတွေပိတ်ဆို့သွားတော့ လယ်ယာမြေတွေထဲ ပြန်ဝင်ပြီး လယ်ယာမြေပျက်စီးသွားတယ်။ အခုဆို ခေါင်တုန်းခနဲ့ အင်မြန်းခက လုံးဝသုံးလို့ မရတော့ဘူး”ဟု ပြောသည်။

ထို့အပြင် စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ ရွှေတူးဖော်မှုကြောင့် အင်းတော်ကြီးအိုင်သို့ ရွှံ့နွံများပြန်စီးဝင်ပြီး ရေတွင်းသတ္တဝါးများ အဆိပ်သင့်သေဆုံးမှုများ ဖြစ်ပေါ်နေသည့်အတွက် ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်း ပြောဆိုသည်။

လက်ရှိ ရွှေတူးဖော်လိုက်သည့် မိုင်းနောင်၊ မမုံကိုင်နှင့် လုံးတုံဒေသတို့တွင် ယခင်အစိုးရလက်ထက်က အင်းတော်ကြီးအိုင် ရေထိန်းချုပ်ရန် သစ်တောကြိုးဝိုင်း သတ်မှတ်ထားသည့် နေရာများပါဝင်သည်။ သို့သော် လက်ရှိတွင် ထိုနေရာရှိ သစ်ပင်များကို ခုတ်လှဲကာ ရွှေတူးဖော်မှုများလည်းရှိနေသည်ဟု ဒေသခံများ ပြောဆိုသည်။

ထိုနေရာများအနက် မိုင်းနောင်ကျေးရွာ အနောက်ဘက်ခြမ်းရှိ မြနန္ဒာရပ်ကွက်ဘက်သည် ရွှေတူးဖော်မှု အဆိုးရွာဆုံး ဖြစ်သည်ဟုလည်း သိရသည်။

ထို့အပြင် မမုံကိုင် နှင့် လုံတုံး ဒေသ ၂ ခုသည် ရွှေတူးဖော်ရန် တားမြစ်ထားသော နေရာများဖြစ်သည်ဟု ဒေသခံများ၏ ပြောဆိုချက်မှသိရသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ထိုနေရာသည် ရွှေတူးဖော်မှု အများဆုံး ဖြစ်လာသည်ဟုလည်း ဒေသခံများ ဆက်ပြောသည်။

လက်ရှိ မမုံကိုင်ကျေးရွာအထွက် ပြည်ထောင်စုလမ်းမကြီး ပတ်ပတ်လည် ကိုက် ၁၀၀ ခန့်အကွာတွင် ရွှေတူးဖော်နေကြပြီး လုံးတုံဒေသလည်း ထိုနည်းတူ လမ်းမကြီးတစ်လျှောက်တွင် ရွှေတူးဖော်နေကြသည်ဟု သိရသည်။

နောက်ထပ်ဆိုကျိုးအနေဖြင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သူများနှင့် ကျွဲ၊ နွားမွေးမြူသည့် ဒေသခံပြည်သူများအတွက် စားကျက်မြေနေရာများ ပျောက်ကွယ်သွားသည့် အခက်အခဲ ကြုံတွေ့နေရသည်ဟု နောက်ထပ် မိုင်းနောင်ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အရင်တုန်းကတော့ လုပ်တယ်ဆိုပေမယ့် ရွာရဲ့ နည်းနည်းအလှမ်းဝေးတဲ့နေရာမှာ လုပ်ကြတာဖြစ်တဲ့အတွက် ခံသာတယ်လို့ပြောလို့ရတယ်။ ဒါပေမယ့် အခုအာဏာသိမ်းလိုက်တဲ့နောက်ပိုင်းက ဘာထူးခြားလာလဲဆိုတော့ ရွာကျော်တာနဲ့ ရွှေကျင်းတွေကြီးပဲ။ ကျနော်တို့ဒေသမှာ အများပိုင်းက လယ်ယာလုပ်ငန်းပဲ လုပ်ကိုင်စားသောက်ကြတယ်။ တစ်ချို့က ကျွဲ၊နွားပဲ မွေမြူကြတဲ့သူတွေအတွက်က စားကျက်မြေပျောက်သွားပြီ။ ဒေသခံတွေကြားမှာ ပြဿနာကြုံတွေ့နေရတယ်”ဟု ပြောသည်။

ယခုလို ဒေသတွင်း ရွှေတူးဖော်ရန် ခွင့်ပြုထားသည့် အာဏာရှိသူများနှင့် လုပ်ငန်းရှင်များအနေဖြင့် ဒေသခံပြည်သူများ တားမြစ်ထားသည့် ဧရိယာအတွင်းထဲသို့ ရွှေတူးဖော်မှုများ ရပ်တန့်ပေးရန်နှင့် တူးဖော်လိုက်သည့် ရွှေတွင်းနေရာများကိုလည်း စနစ်တကျပြန်လည် ပြန်လည်လုပ်ဆောင်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်သည့် လုပ်ငန်းရှင်များထံမှ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့က တစ်လှည့်စီ အခွန်ငွေ ကောက်ခံနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ယခု ဒီဇင်ဘာလဆန်းပိုင်းကလည်း မိုင်းနောင်ကျေးရွာ ရွှေလုပ်ကွက်များထံမှ အခွန်ကောက်ခံရန်အတွက် စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာခဲ့သောကြောင့် လုပ်ငန်းရှင်တစ်ချို့ ထွက်ပြေးတိမ်းရှောင်ရသည်အထိ ရှိခဲ့သည်။

ထို့ကြောင့် နေရာအချို့တွင် ရွှေတူးဖော်မှုများ ယာယီရပ်နားထားပြီး စစ်ကောင်စီတပ်နှင့် KIA အဖွဲ့တို့ကြား စစ်ရေးတင်းမာမှုများ ရှိနေသည်ဟုလည်း ဒေသခံပြည်သူများ၏ ပြောဆိုချက်မှ သိရသည်။

Show More

Related Articles

Back to top button