စစ်ပြေးဒုက္ခသည်များသတင်း

စစ်ဘေးရှောင်ကျေးရွာ ၁၂ ရွာမှ ဒေသခံတစ်သောင်းကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာအရေးပေါ်အကူညီများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အစပ်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ ကျေးရွာ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ဒေသခံတစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် အကူညီလိုအပ်‌နေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ စစ်အင်အား ၁၂၀ကျော်ရှိသည့် စစ်ကောင်စီတပ် ခမရ၃၆၈ တပ်ဖွဲ့နှင့် ပျူစောထီးပူးပေါင်းတပ်တို့သည် ကျွန်းလှနယ်စတင်ကာ ကန့်ဘလူမြို့နယ်အစပ်ထိ ရွာပေါင်း ၁၂ ရွာကို မီးရှို့နေကြောင်း သိရသည်။

ဒီစစ်ကြောင်းက ရွာတွေကို မီးလိုက်ရှို့နေတာ ၂ ရက်ရှိပြီ စစ်ကြောင်းဝင်တဲ့နားက ရွာ ၁၂ရွာက စစ်ရှောင်တဲ့ ပြည်သူ ၁ သောင်းကျော်တယ်ရှိတယ် ဒီဘက်မှာက စစ်ရှောင်စခန်း‌ဖွင့်ထား‌တာတွေ မရှိတော့ တောထဲမှာဘဲနေရတာ ပိုခက်ခဲတယ်ဟုကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

ထို့ကြောင့် လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအတွက် အနွေးထည်၊ ဆောင်၊ မိုးကာ၊ အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများ လိုအပ်လျှက်ရှိသည့်အပြင် စစ်ဘေးရှောင်များ နာမကျန်းဖြစ်သည့်အခါတွင်လည်း ကုသမှုခံယူရန် ကျန်းမာရေးဝန်ထမ်းများ မရှိသည့်အတွက် အခက်အခဲများစွာ ကြုံနေရကြောင်း သူကဆက်ပြောသည်။

စစ်ဘေး‌ရှောင်နေရသည့်ဒေသခံများမှာ ကန့်ဘလူနှင့် ကျွန်းလှအစပ်မှ ပင့်သာ၊ ချောင်းကြား၊ ဖလားရ၊ အင်းမ၊ ညောင်ကုန်း၊ မန်ကျီးကုန်း၊ တောင်ယာဆိပ်၊ သရက်တော၊ တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စုနှင့် မြဘုံသာအပါအဝင် ကျေးရွာ‌ပေါင်း ၁၂ ရွာရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ကြောင်းထိုးဝင်ရောက်မူများကြောင့် ဒီဇင်ဘာလမှ ယခုလ ၃၀ ရက်နေ့အထိ ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်နှစ်ခုမှ ရွာပေါင်း ၈ ရွာမှနေအိမ် ၂၀၀ ကျော်၊ စစ်ရှောင်တဲအလုံး ၃၀လုံး၊ စပါးတင်းထောင်ချီ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံ ၁၃ဦး လည်း သေဆုံးခဲ့ရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှိုဖျက်ဆီးမှုကြောင့် မြန်မာပြည် တစ်ဝှမ်းတွင် နေအိမ်ပေါင်း ၄၈၀၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းတိုင်းထဲမှ နေအိမ် ၃၆၀၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု Data For Myanmar က ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button