လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးတို့ဖြင့် အဆက်အသွယ် မရသေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ဇန်နဝါရီလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသော ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးကို ယနေ့ထိ ဆက်သွယ်၍မရသေးကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

လုံးခင်းကျေးရွာ ဥရုပန်းချီစားသောက်ဆိုင်ရှေ့တွင် ဇန်နဝါရီလ ၂၉ရက်နေ့ မွန်းလွဲ ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ် လက်အောက်ခံ ရဲနှစ်ဦးအရပ်ဝတ်ဖြင့် သေနတ်ကိုင်ဆောင်ကာရောက်လာပြီး လိုင်းကားမောင်းသည့် အမျိုးတစ်ဦး (အမည်စုံစမ်းဆဲ) နှင့် စားသောက်ဆိုင်အတွင်းဝင်လာသည့် အသက် ၁၇ နှစ်အရွယ် လူငယ်တို့ကို ဖမ်းဆီးသွားရာ ယနေ့ထိ ဆက်သွယ်၍ မရဖြစ်နေကြောင်း လုံခင်းကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

”ကားသမားက ကုန်တင်ပစ္စည်းတင်တဲ့ကားသမားဟုတ်တယ်။ အရပ်ဝတ်နှစ်ယောက်က ကားသမားကိုရိုက်နက်ပြီး သူ့ကားနောက်ဖုံးထဲက အစကတော့ အချင်းချင်းရန်ဖြစ်ပြီး ရိုက်နက်ကြတာထင်တာနောက်တော့ ရဲတွေကလာဖမ်းသွားတာ ကောင်လေးကတော့ ဆိုင်တဲ့ဝင်လာတာကို မဆီမဆိုင်ပဲ ဖမ်းခံလိုက်ရတယ်”ဟုမျက်မြင်တွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးကပြောသည်။

ကားသမားအား ဖမ်းဆီးလိုက်ပြီး‌နောက် စစ်ကောင်စီအဖွဲ့သည် ဥရုပန်းချီစားသောက်ဆိုင်အတွင်းသို့ ဝင်လာသည့် ‌လူငယ်တစ်ဦးကိုလည်း ထပ်မံဖမ်းဆီးသွားကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ လူငယ်သည် ကားသမားနှင့် ပတ်သက်ခြင်းမရှိဘဲ စစ်‌တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ‌ဒေသခံများက‌ ပြောသည်။

”အဓိက သူတို့လာဖမ်းချင်တာက ကားသမားကိုဖမ်းချင်တာထင်တယ်။ ကားသမားက အဲ့နေ့က ဖားကန့်ကနေ လုံးခင်းဘက်ဝင်လာတဲ့အချိန် နှစ်မျက်နှာဘုရားရှေ့က စစ်တပ်ကင်းပုန်းဂိတ်နားမှာချထားတဲ့ ပီပါ ပုံးတွေကို မသိပဲနဲ့ ဝင်တိုက်လိုက်မိတာ အဲ့တာကို ရဲနှစ်ယောက်ကလိုက်လာပြီးအဲ့ကားသမားက ဆိုင်ရှေ့မှာပစ္စည်းချနေတဲ့ချိန်ဖမ်းသွားတာ ဟိုကလေးကတော့ ဘာမဆိုင်ဘဲ ဖမ်းသွားတာ”ဟုအနီးပတ်ဝန်းကျင်က ‌ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးသွားသည့် ပြည်သူနှစ်ဦးအား လက်ရှိ လုံးခင်းယမ်းတိုက် (လုံးခင်းစစ်တပ်ကုန်း) တွင် ဖမ်းဆီးထားကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်းတွင် စစ်ကောင်စီက အရပ်သားပြည်သူများကို ယခုကဲ့သို့ အကြောင်းမဲ့ဖမ်းဆီးမှုများ မကြာခဏရှိနေပြီး KIA ၊ PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးထောင်ချခံထားရသူများလည်း အမြောက်အများရှိနေပြီ ဖြစ်သည်။

Show More

Related Articles

Back to top button