သတင်းသတင်းဆောင်းပါး

အသည်းနှလုံးတွေကိုဖျက်စီးသွားစေတဲ့အရာ

မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ထဲက အရက်ဆိုင်တဆိုင်မှာ အသံတခု ဆူညံနေပါတယ်။ အကြောင်းရင်းကတော့ တရုတ်တဆေးဖြင့် ချက်ပြီးထုတ်လုပ်ထားတဲ့အရက်လျော့သောက်ဖို့ တိုက်တွန်းနေတဲ့အသံပဲဖြစ်ပါတယ်။

တရုတ်တဆေးဖြင့် ပြုလုပ်ထားတဲ့အရက်ဟာ သောက်သုံးသူများ၏ ကျန်းမာရေးကိုထိခိုက်ပြီး အသက်သေဆုံးမှုအထိ ဖြစ်စေတဲ့အတွက်ဖြစ်တယ်လို့ ဆိုကြပါတယ်။ တချို့က ဆေးရုံမှာ၊ တချို့က အိမ်တွေမှာ အရက်ကြောင့် နာတာရှည် ဝေဒနာတွေကို ခံစားကုသနေကြပါတယ်။ ထိုဝေဒနာများမှာ လိပ်ခေါင်းရောဂါ၊ လေဖြတ်တဲ့ရောဂါတို့ပဲဖြစ်ပါတယ်။

တကယ်တော့ အရက်ကို ဘဝအမောဖြေဖို့ ဝယ်သောက်ကြတာဖြစ်ပေမဲ့ ရောဂါဝယ်သောက်သလိုဖြစ်နေကြပါတယ်။ အရပ်ထဲ ရောင်းချနေတဲ့ အရက်ကို ဖော်စပ်သူတွေဟာ သဘာဝ တစေးမသုံးတော့ဘဲ အလွယ်တကူ ဓာတုနည်းပညာများဖြင့် ပေါင်းစပ်ဖော်ထုတ်ထားတဲ့ တဆေးကိုသာ သုံးကြတဲ့အတွက် ပျော်ရွင်မှုအစား ရောဂါကိုသာ ပေးနေတယ်လို့ အရက်ကြောင့် ဝေဒနာခံစားနေရသူတွေကို ပြောဆိုနေကြပါတယ်။

ဓာတုနည်းပညာဖြင့် ထုတ်လုပ်ထားတဲ့ တရုတ်တဆေးများဟာ အရက်ချက်ဖျော်စပ်ဖို့အလွယ်ကူဆုံးဖြစ်ပြီး ကုန်ကျစာရိတ်များလည်းသက်သာစေပါတယ်။ မြန်ဆန်လွယ်ကူပြီးစျေးကွက်ထဲသို့ အလွယ်တကူ ဖြန့်နိုင်တဲ့အတွက်ကြောင့် စီးပွါးရေးလုပ်ငန်းရှင်တွေက ထိုနည်းလမ်းကိုအသုံးပြုလာကြပါတယ်။ သဘာဝနည်းလမ်းများဖြင့်ပြုလုပ်လျှင် အချိန်ကြာ ပြီး စျေးကွက်ထဲသို့လျှင်မြန်စွာဖြန့်ချီနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်ဘဲဖြစ်ပါတယ်။

ကချင်တစေးပြုလုပ်ရတဲ့ချိန် ကုန်ကျငွေက ခုနှစ်ထောင်ကျပ်လောက်ကုန်တယ်။ ဒါပေမဲ့ တဆေးမှာပါဝင်တဲ့ ဆေးမြစ်စုံရှာဖို့ရဖို့က မလွယ်ဘူး။ ခက်တယ်တောင်ပေါ်မှာရှာရတာဆိုတော့လေဟု ကချင်အရက်ချက်ပြီး ရောင်းချနေတဲ့ ဒေါ်ဂျာခေါန်က ပြောပါတယ်။

ကချင်တဆေးမှာပါဝင်တဲ့ အရာတွေကတော့ ဂျင်း၊ ငရုပ်သီး၊ တောနက်တောင်ပေါ်မှ ရှာဖွေပြီးရရှိလာတဲ့ ဆေးမြစ် ဆေးရွက်တွေနဲ့ ပြုလုပ်ပြီး အရက်ချက်ရာမှာ ထည့်သွင်းဖျော်စပ်ကာ သဘာဝနည်းဖြင့် အရက်ထုတ်လုပ်ပြီး သောက်သုံးသူတွေဆီ ပို့ကြပါတယ်။ ဟိုးရှေးယခင်ကတည်းက အသုံးပြုလာကြတဲ့ ဓလေ့ရိုးရာပဲဖြစ်ပါတယ်။ အရက်ဖြစ်လာဖို့ပြုလုပ်ရတဲ့အဆင့်များမှာ ခက်ခဲပြီး ၁၀ ရက်လောက် အချိန်ကုန်ခံပြီး သောက်လို့ရတဲ့အဆင့်ကိုရောက်ပါတယ်။

တရုတ်ပြည်ဘက်က ဝင်လာတဲ့ ဓာတုနည်းပညာဖြင့် ထုတ်လုပ်ထားတဲ့ အရက်တွေကို ရက်အနည်းငယ်ချက်လုပ်ပြီး စျေးကွက်ထဲကို ပို့လို့ရပါတယ်။ သဘာဝတစေးဖြင့်ချက်လုပ်ထားတဲ့အရက် အနည်းဆုံး ၁၀ ရက်ကျော် ကြာမြင့်သောကြောင့် ရောင်းချရန်အတွက် စီးပွါးရေးသမားများက လွယ်ကူမြန်ဆန်တဲ့ တရုတ်ထုတ်တစေးဖြင့် ချက်လုပ်ထားတဲ့အရက်တွေကို စျေးကွက်ထဲ ဖြန့်ချီနေကြပါတယ်။

ဒီလိုတရုတ်ထုတ် တဆေးနဲ့ချက်ပြီး ရောင်းနေတဲ့အရက်တွေသောက်ရင်တော့ အသည်းခြောက်တာ အသည်းကင်ဆာတွေ ဖြစ်လာနိုင်တယ်။ ကျနော်ကိုယ်တိုင်လည်း နောက်ပိုင်းတော့ မသောက်ဖြစ်တော့ဘူး အရည်အသွေးမပြည့်တဲ့အရက်တွေကြောင့်ဟု အရက်ကို စွဲမြဲစွာသောက်ခဲ့ဖူးတဲ့ ကိုမျိုးမြင့်က ပြောပါတယ်။

တရုတ်နယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ လိုင်ဇာနှင့် မိုင်ဂျာယန်မြို့တွေမှာဆိုရင်လည်း တရုတ်ထုတ်တစေးဖြင့် ချက်လုပ်ပြီး ရောင်းချတဲ့ အရက်တွေကိုပဲ သောက်သုံးကြပါတယ်။

အရက်တွေရောင်းနေကြပေမယ့် KIO အစိုးရဘက်လည်း အရည်အသွေး မပြည့်မီတဲ့ အရက်တွေကို စစ်ဆေးအရေးယူမှုတွေ မရှိဘူးလို့ မိုင်ဂျာယန်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ကေအိုင်အေစစ်သားတွေလည်း ဒီအရက်ပဲသောက်ကြတယ်။ ဒီမှာက အရက်ကောင်းတဲ့ဟာ မရှိတော့ဘူး။ တရုတ်ထုတ်တစေးတွေနဲ့ ချက်ထားတဲ့အရက်တွေပဲပြည့်နေပြီ ဟိုးတလောက တောင်အဲ့အရက်သောက်ပြီးသေတဲ့လူရှိတယ်။ လွယ်ဂျယ်မှာ နှစ်ယောက်သေသွားတယ်ဟု မိုင်ဂျာယာန် ဒေသခံ ကိုအောင်မိုင်က ပြောပါတယ်။

အရက်ချက်ရာမှာ အသုံးပြုတဲ့ တရုတ်ထုတ်တစေးတွေဟာ နယ်စပ်ကနေ သွင်းကုန် စည်းမျဥ်းစည်းကမ်းဥပဒေတွေနဲ့ မညီဘဲ တင်သွင်းလာတဲ့ ထုတ်ကုန်တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန၏ ထောက်ခံချက် စစ်ဆေးမှု မပါဝင်ဘဲ စားသုံးသူ ပြည်သူလူထုကြား ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။

နယ်စပ်ဂိတ်ကနေ ဝင်ရောက်လာတဲ့ အဲဒီ တရုတ်ထုတ်တဆေးတွေဟာ အရက်ချက်တဲ့အခါ ဖော်စပ်တဲ့အခါ အလွယ်ကူဆုံးဖြစ်ပြီး ပြုလုပ်ရတဲ့အဆင့်တိုင်းမှာလည်း ကြာမြင့်ခြင်းမရှိတဲ့အတွက်ကြောင့် မြန်မြန်ဆန်ဆန်စျေးကွက်တွင် ဖြန့်ချီနိုင်ပါတယ်။

အဲ့ဒီတဆေးတွေကို တရုတ်စီးပွါးရေးလုပ်ငန်းရှင်များက လက်ဝါးကြီးအုပ်ထားပြီး ဂါလံနဲ့ချီအရက်တွေကို ကချင်ပြည်နယ်အတွင်းက ရွှေမှော်၊ ကျောက်စိမ်းမှော်၊ တိုင်းရင်းဆေးတိုက်နှင့် ဆင်ခြေဖုံးအရက်ဆိုင်တွေမှာ ရောင်းချလျှက်ရှိပါတယ်။

သဘာဝနည်းအတိုင်း လက်ခံကျင့်သုံးလာခဲ့တဲ့ အရက်ချက်နည်း ယဥ်ကျေးမှုတွေဟာ နောင်အနာဂတ်မှာ ကွယ်ပျောက်သွားဖို့ အတွက်စိုးရိမ်နေရပြီး ဒီဓလေကို ရှင်သန်နိုင်အောင် ပြုလုပ်ရမယ်လို့ ဒေါ်ဂျာခေါန်က ပြောပါတယ်။

ကျမကငယ်ငယ်ကလေးကနေပြီး ဒီအရက်ချက်တဲ့ အကြောင်းကို မိဘဆီကသင်ယူခဲ့ရတယ်။ တောင်ပေါ်မှာနေတော့ ဆင်းရဲလို့လေ အခုတော့ ကျမက တဆင့် ကျမကလေးတွေကို အရက်ချက်လုပ်တဲ့ အရာကိုပြန်ပြီးသင်ပေးပြီး သူတို့လုပ်ခိုင်းတယ်ဟု ဒေါ်ဂျာခေါန်က ပြောပါတယ်။

သန့်စင်မှုမရှိတဲ့ အရည်အသွေးမပြည့်တဲ့ အရက်တွေဟာ ဆေးဖက်မဝင်တာကြောင့် အနာဂတ်မှာ အရက်ကြောင့် ဆေးရုံရောက်သူတွေ ပိုများလာနိုင်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

Show More

Related Articles

Back to top button