တိုက်ပွဲသတင်း

ပြည်သူ့ စစ်စခန်းသို့ ဝင်ရောက်စီးနင်းချိန် TNLA တပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့

ရှမ်းပြည်နယ် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ဂျာယန် ပြည်သူ့စစ်တပ်စခန်းဝင်ရောက် စီးနင်းမှုတွင် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့က ဒေသခံ ရွာသားများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု သိရသည်။

လားရှိုးမြို့ အရှေ့မြောက်ဘက် ဂျာယန်ကျေးရွာတွင် တပ်စခန်းချနေသည့် စစ်ကောင်စီလက်အောက်ခံ Kachin Defense Army KDA ပြည်သူ့ စစ်စခန်းတစ်ခုကို တအောင်း TNLA တပ်ဖွဲ့မှ အင်အား ၄၀၀ ကျော်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲကာ ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် ဝင်ရောက်စီးနင်းလာချိန် ဒေသခံ ကလေးသူငယ်အပါအဝင် ရွာသား ၇၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ယူပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်း ဖမ်းဆီးအသုံးပြုခံရသူ ဂျာယန်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ယခုလိုပြောသည်။

မနက်မိုးမလင်းသေးဘူး။ တံခါးလာဆောင့်ကန်ဖွင့်ပြီး ခဏလိုက်ခဲ့ဆိုပြီးခေါ်သွားတာ။ ၁ နှစ်ကျော်အရွယ် ကလေးတစ်ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးလည်းပါတယ်။ ကျမတို့အမျိုးသမီးတွေက ၇ ယောက်ဟုတ်တယ်။ ယောက်ျားတွေအားလုံးကိုတော့ ကြိုးနဲ့ချီထားပြီး ကန်တဲ့သူကကန် သေနတ်ဒင်နဲ့ ထုနဲ့သူကထု အဲ့လိုမျိုးနဲ့ KDA တပ်စခန်းဝင်းဘက် ခေါ်သွားတာ။ သူတို့က အနောက်ကနေလိုက် ကျမတို့ကိုအရှေ့မှာထားပြီးခေါ်ဝင်သွားတယ်။ စခန်းတံတားရှေ့ရောက်တော့ တံခါးဖွင့်လို့အော်ခိုင်းတာ ကျမတို့ဘယ်သူမှ မအော်ရဲကြဘူးဆိုတော့ ကချင် ကချင်သပ်သပ်ထိုင် တအောင်း တအောင်းသပ်သပ်ထိုင်ဆိုပြီး ခွဲလိုက်ပြီး ခြိမ်းခြောက်တာ။” ဟု KDA တပ်စခန်းရှေ့သို့ လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်ခံရသော အမျိုးသမီးဖြစ်သူက ပြောသည်။

KDA တပ်စခန်းရှေ့သို့ ဖမ်းဆီးခေါ်ဆောင်ခံရသူများတွင် ကလေးသူငယ်အပါအဝင် ကိုယ်ဝန်ဆောင်အမျိုးသမီး နှင့် စုစုပေါင်း အမျိုးသမီး ၇ ဦး ပါဝင်ခဲ့ကာ အမျိုးသားဦးရေ ၆၀ နီးပါး ပါဝင်သည်။

ထို့အပြင် ကျေးရွာအတွင်း တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်မွေကာ ရွာသားများပိုင်ဆိုင်သော အဖိုးတန်ပစ္စည်းများ၊ ငွေကြေးများ ဆိုင်ကယ်များကိုလည်း သိမ်းယူသွားသည်ဟု ယခုလို ဆက်ပြောသည်။

ကလေးတွေရဲ့ စုဘူး၊ ဆယ်ဗို့တစ်ဗို့ စုထားတဲ့ဟာတွေထိ အားလုံးဖောက်ယူ သွားတာ။ တချို့အိမ်ဆို ရွှေဆွဲကြိုးတွေ၊ ငွေ ၁၀ သိန်းကျော် ပါသွားတာရှိတယ်။ တချို့အိမ်မှာဆို ကလေးတွေရဲ့ ဆေးထိုး စာရွက်စာတမ်းတွေလည်း ယူသွားပေးတယ်။ တွေ့သမျှ ဖုန်းတွေလည်း အားလုံးယူသွားတယ်။ ရွာထဲက ဆိုင်ကယ်တွေလည်း အစီး ၂၀ ကျော် ယူသွားတယ်။” ဟု ဖြစ်စဉ် ကြုံခဲ့ရသော အမျိုးသမီးက ဆက်ပြောသည်။

ဂျာယန်ကျေးရွာသည် Kachin Defense Army KDA ပြည်သူ့စစ်တပ်ဖွဲ့ တပ်မဟာ ၂ နယ်မြေဖြစ်ပြီး ကျေးရွာအနီး အထက်တောင်ခြေတွင် စခန်းအထိုင်ချနေသော အင်အား ၂၀၀ ဝန်းကျင်ရှိ တပ်စခန်းတစ်ခုကို  TNLA တပ်ဖွဲ့က သွားရောက်စီးနင်းရာတွင် ဒေသခံများကို ဖမ်းဆီးပြီးအရှေ့မှသွားစေခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ‘ဂျာယန်ပြည်သူ့စစ်တပ်ဖွဲ့မှ စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည့် တအာင်းလူမျိုးများကို သွားရောက်ကယ်ထုတ်နိုင်ခဲ့’ ဆိုပြီး PSLF/ TNLA သတင်းနှင့်ပြန်ကြားရေးအဖွဲ့ မှ ဖေဖော်ဝါရီလ ၆ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

TNLA ၏ ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြောဆိုချက်ကို အတည်ပြုနိုင်ရန်အတွက် PSLF/ TNLA တာဝန်ရှိသူများကို KNG သတင်းဌာန မှ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။

တစ်ဖက်တွင် TNLA ၏ သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဂျာယန် KDA ပြည်သူ့စစ် အရာရှိတစ်ဦးကို မေးမြန်းရာ ယခုလို ပြောဆိုခဲ့သည်။

“KDA တပ်စခန်းက ပြည်သူ့စစ်ဖြစ်တယ်။ ရွာသားတွေနဲ့ ရောပြီးနေတော့ စစ်သားသွားလုပ်ရမှာထက် အဲ့မှာအတူနေအတူစား ညီအစ်ကိုတအောင်းတွေက ကျနော်တို့ KDA တပ်ထဲ မခေါ်လည်းရောက်လာတာရှိတယ်။ တစ်ခုက TNLA တွေ တပ်သားအရမ်းစုဆောင်းတာကြောင့် စိုးရိမ်ပြီး မိဘတွေကိုယ်တိုင်လာပို့ထားတာရှိတယ်။ ကျောင်းမတက်နိုင်တဲ့ကလေးတွေ တပ်ထဲ လာနေရင်း ကျောင်းတက်ရင်း ကြီးလာသူတွေလည်းရှိတယ်။ အခုသူတို့ခေါ်သွားတဲ့ထဲ ကျနော်တို့ကျောင်းထောက်ပံ့ပေးပြီး တက္ကသိုလ်ဒုတိယနှစ်ရောက်ပြီ မိန်းကလေး ၂ ဦး ဆေးကျောင်းလည်းထောက်ထားပေးတာ သူတို့ခေါ်သွားတယ်။” ဂျာယန်ပြည်သူ့စစ်အရာရှိတစ်ဦးက KNG ကို ပြောသည်။

ပြည်သူ့စစ်တပ်ထဲ နေထိုင်သူများကို စစ်စည်းမျဉ်း စည်းကမ်း ပို့ချပေးပြီးမှသာ ကျောင်းပညာဆက်တက် စေသောကြောင့် KDA ပြည်သူ့စစ်စခန်းထဲတွင် မိသားစုအလိုက်လာနေသူများလည်း ရှိကြောင်း အထက်ပါ ပြည်သူ့စစ်အရာက ဝန်ခံခဲ့သည်။

ဂျာယန်ပြည်သူ့စစ် စခန်းတွင်ရှိနေသော တအောင်းလူမျိုးများကို အမြန်လွတ်ပေးရန် ပြီးခဲ့သည့် ၁ လခန့်မှ စတင်ကာ TNLA ဘက်မှ အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဝင်ရောက်စီးနှင်းခဲ့ခြင်း ဖြစ်သည်။

ကျနော်တို့ဘက်က သူတို့ဘက် ဘယ်လူကြီးနဲ့ဖြစ်ဖြစ် ဆုံမိ ပြောမိတိုင်း ဒီကျနော်တို့ အခြေချနေထိုင်နေတဲ့ နယ်မြေက သူတို့ရဲ့ တအောင်းနယ်မြေဖြစ်တယ်ဆိုပြီး အမြဲပြောလေ့ရှိတယ်။ အဲ့မှာ ကျနော်တို့ KDA တပ်သားတွေထဲမှာ ညီအစ်ကိုတအောင်းလူမျိုးတွေလည်း ပါတယ်လေ။ အရင်ရှေ့လကတည်းက သူတို့နဲ့ မျိုးနွယ်တူအားလုံးကို သူတို့ဆီပြန်ပေးဖို့တောင်းတယ်။ ဒါပေမဲ့ ကျနော်တို့ မပေးတော့ အဲ့ဒီမနက်မှာတော့ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတယ်။ ကျနော်တို့နဲ့ သူတို့တော့ အင်အားအဲ့လောက်တော့မကွာပေမဲ့ သူတို့က ရွာသားတွေကို အရှေ့မှာလျှောက်ခိုင်းပြီး ဒိုင်းကာလုပ်ပြီး ဝင်လာတော့ ကျနော်တို့ ပစ်လို့မရတော့ဘူးလေ။ ကျနော်တို့က ပြည်သူ့ကိုကာကွယ်တဲ့ တိုက်ပွဲဖြစ်ပွားတဲ့အဆင့်တော့မရှိဘူး။ ရွာသားတွေပါနေတော့ ကျနော်တို့ဘက်က လက်မြောက်လိုက်ရတဲ့ အနေအထားဖြစ်သွားတာလေ။” ဟု ၎င်းက ပြောသည်။

TNLA တပ်ဖွဲ့များ KDA တပ်စခန်းသို့ ဝင်ရောက်လာချိန် အပြန်အလှန်ပစ်ခတ်မှု မရှိခဲ့သော်လည်း TNLA တပ်ဖွဲ့၏ အပြန်လမ်းတွင် စစ်ကောင်စီမှ Helicopter ၁ စီးဖြင့် ၂ ကြိမ် လာရောက်ပစ်ခတ်ခြင်း ရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။  

လားရှိုးမြို့မှ အရှေ့မြောက်ဘက် ကားဖြင့် ၂ နာရီခန့်သွားလာရသော ပန်ဆောင်အနီး ဂျာယန်ရွာကြီးကို ယခင်က ဟိုခိုလွယ်ခမ်း ဟုခေါ်ဆိုခဲ့သော်လည်း ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးယူခဲ့ပြီးနောက်ပိုင်းတွင် ကောင်းခါးပြည်သူ့စစ်ဟု ခေါ်ဆိုသော Kachin Defense Army အဖွဲ့မှ တပ်စခန်းချနေခြင်း ဖြစ်သည်။

ဂျာယန်ကျေးရွာတွင် အိမ်ခြေ ၆၀၀ ကျော်ရှိပြီး ကချင် နှင့် တအောင်း လူမျိုး အများဆုံးနေထိုင်ကာ အခြားလူမျိုးများဖြင့် အတူတကွ နေထိုင်သော ကျေးရွာတစ်ခုလည်း ဖြစ်သည်။

Show More

Related Articles

Back to top button