နေရပ်ပြန်ရေး ဖိအားပေးမှုအောက်က စစ်ရှောင်အမျိုးသမီးနဲ့ ကလေးသူငယ်များ
လုံခြုံမှု မရှိသေးပေမဲ့ ဖိအားပေးခံရတာကြောင့် နေရပ်ပြန်ရတော့မယ့် စစ်ရှောင်တွေထဲမှာ အဓိကအားဖြင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေမှာ လုံခြုံရေးအတွက် ခက်ခဲမှုရှိနေပါတယ်။
တိုက်ပွဲပိုမို ပြင်းထန်လာမယ့် ၂၀၂၃ ခုနှစ်မှာဘဲ ကချင်ပြည်နယ် က စစ်ဘေးရှောင်စခန်းတွေကို အမြန်ဖျက်သိမ်းဖို့ စစ်ကောင်စီက ပြုလုပ်နေပြီးတော့ မတ်လ နောက်ဆုံးထား နေရပ်ပြန်ကြဖို့ စခန်းတချို့မှာ စစ်တပ်တာဝန်ရှိသူတွေက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
နှစ်ရှည်လပေါင်းများစွာ စွန့်ခွာခဲ့ရတဲ့ ကျေးရွာတွေကို နေရပ်ပြန်ဖို့ ပြင်ဆင်တဲ့အခါ အထူးသဖြင့် မိခင်တွေဟာ လုံခြုံရေးနဲ့ သားသမီး ရှေ့ရေးအတွက် အဓိက စိုးရိမ်ပူပန်နေရတယ်လို့ လက်ရှိ မြစ်ကြီးနား၊ ဂျော်မဆပ် (Jaw Masat) စစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ တနိုင်းမြို့နယ်၊ အောင်လောဒ့်ဒေသခံ မိခင်တစ်ယောက် က အခုလိုပြောပါတယ်။
“ကိုယ့်သားသမီးတွေရဲ့ ရှေ့ရေးလည်း စဉ်းစားရမယ်။ ပြန်ရတော့မယ်ဆိုလို့ ပြန်တော့ ကလေးတွေကို ဘယ်လိုလုပ်ရမလဲ၊ အခုလိုမျိုးအနေအထားမှာ ပြန်ရမလား၊ ပြန်ရင်ကော ဟိုဘက်မှာ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး အစစရာရာ စဉ်းစားနေရတယ်။ ပြီးရင် မိသားစုတစ်ခုမှာ မိခင်တစ်ယောက်၊ အမျိုးသမီးတစ်ယောက် အတွက်လည်း လုံခြုံရေးအာမခံချက် မပေးနိုင်ဘူး။ ဘယ်အချိန် ဘာပြန်ဖြစ်မယ် ဘယ်သူမှမသိနိုင်တော့ ပြန်မယ်ဆိုလည်း အမျိုးသမီးတွေရဲ့ လုံခြုံရေး စိုးရိမ်ရတယ်။” လို့ပြောပါတယ်။
ဒါ့အပြင် နေရပ်ပြန်ရမယ့် ကျေးရွာမှာ စစ်ကောင်စီတပ်စခန်းတွေ ရှိနေသေးတာကြောင့် စိုးရိမ်မှု ရှိနေဆဲဖြစ်ကြောင်း ဗန်းမော်၊ မံစီ (Man Je) စစ်ဘေးရှောင်စခန်းက မိခင်တစ်ဦးကလည်း ပြောပါတယ်။
“ကျွန်မတို့ နိုင်ငံက အရမ်းအေးချမ်းပြီး ငြိမ်းချမ်းနေတာလည်း မဟုတ်တဲ့အတွက် အရမ်းစိုးရိမ်တယ်၊ ဘယ်အချိန်မှာ ဘယ်လိုဖြစ်တွေ စစ်ဖြစ်လာမယ်ဆိုတာ၊ ဘယ်အချိန်မှာ ဘယ်စစ်တပ်ကလာမယ်ဆိုတာ ကျွန်မတို့ မိခင်နဲ့ ကလေးတွေကို ဘယ်လိုတွေပြန်နှိပ်စက်ပြီး ဘယ်လိုတွေ ဆက်ခံစားရမလဲဆိုပြီး အရမ်းစိုးရိမ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က မြို့နဲ့လည်းဝေးတဲ့ ရွာမှာဟုတ်တယ် ဒီလက်နက်ကိုင်နှစ်ဖက်ရဲ့ ကြားမှာလည်းဖြစ်တယ်၊ အဲ့တာတွေကြောင့် ဘယ်အချိန်မှာ ဘယ်လိုတွေ ကျွန်မတို့ မိခင်နဲ့ ကလေးတွေကို နှိပ်စက်မလဲဆိုတဲ့ဟာက အမြဲတမ်းရှိနေတဲ့ စိုးရိမ်စိတ်ပေါ့” လို့ပြောပါတယ်။
စစ်ဘေးရှောင်စခန်းတွေကို ထိရောက်အောင် ကူညီတဲ့အဖွဲ့အစည်းတွေ မရှိသလောက်ဖြစ်နေတာ ကြာပြီဖြစ်ကြောင်း စစ်ရှောင်တွေပြောပါတယ်။ ဒါကြောင့် စားဝတ်နေရေးအတွက် မိသားစုမှာ အလုပ်လုပ်နိုင်တဲ့အမျိုးသားတွေဟာ ရွာပြန်ပြီး လယ်ယာလုပ်ကိုင်ရသလို၊ အမျိုးသမီးတွေကတော့ စစ်ဘေးရှောင်စခန်းမှာ ကလေးတွေကို ပြုစုပြီး ဖြတ်သန်းနေကြရတာပါ။
စစ်ကောင်စီတပ်ဟာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ကနေစပြီး ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတွေကို မူလနေရပ်ပြန်ဖို့၊ စစ်ဘေးရှောင်စခန်းကနေ စစ်တပ်သတ်မှတ်ထားတဲ့နေရာမှာ ပြန်လည်အခြေချဖို့နှင့် မိမိအစီစဉ်အတိုင်း အပြင်မှာ နေထိုင်သွားဖို့ဆိုပြီး တိုက်တွန်းခဲ့သလို စာရင်းကောက်ခံခဲ့တာလည်း ရှိတယ်လို့ သိရပါတယ်။
စစ်ရှောင်တွေဟာ မြို့ပေါ်မှာ မိမိခြေထောက်ရပ်တည်ဖို့မဖြစ်နိုင်သလို ပြန်လည်နေရာချထားတဲ့ နေရာတွေမှာလည်း အသက်မွေးဝမ်းကြောင်းအတွက် အခက်အခဲရှိတာကြောင့် လုံခြုံမှု မရှိပေမယ့်လည်း မူလ ကျေးရွာကိုသာ ပြန်ဖို့ ဆုံးဖြတ်ကြသူတွေ များပါတယ်။
ဒါကြောင့် မြစ်ကြီးနားမြို့နှင့် နီးစပ်တဲ့ မြစ်ကြီးနား–ဗန်းမော်ကားလမ်းမပေါ်က ဂါးရာယန်၊ ဒဘတ်၊ ကဇူး စစ်ဘေးရှောင်တွေဟာ လွန်ခဲ့တဲ့ ၂၀၂၁ ကနေအိမ်တွေဆောက်ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလ မှာမိမိအိမ်မှာနေထိုင်နေတဲ့သူတွေရှိနေပါပြီ။ ဒါ့အပြင် အခု ဖေဖော်ဝါရီ ၂၈ ရက်မှာလည်း ဂါးရာယန် စစ်ဘေးရှောင် မိသားစု ၂၀၀ ကျော် နေရပ်ပြန်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
“ပြန်ဖို့ ပြင်လည်းပြင်ဆင်နေပါတယ်။ ကျမတို့က မြို့နဲ့လည်း သိပ်မဝေးဘူး၊ ဆိုင်ကယ်နဲ့ဆို နာရီဝက် တစ်နာရီလောက်ပဲဆိုတော့ ပြန်ဖို့လုပ်နေပါပြီ။ ဆိုတော့ အမှန်တကယ် လိုအပ်နေတာက ကျန်းမာရေးအဓိက ပါပဲ။ ကျန်းမာရေးနဲ့ ရေကောင်းရေသန့်ရဖို့ပေါ့။ အခုကျမတို့ အမျိုးသမီးတွေအတွက်တော့ ဟိုဘက်က လမ်းကြမ်းတယ်။ ပြီးတော့ အခက်အခဲတစ်ခုက ကိုယ့်အိမ်နဲ့ ကိုယ်ဖြစ်သွားပြီ။ အရင်လိုပဲလုပ်ကိုင်စားသောက် နေကြမယ်ဆိုတော့ ကျမ်းမာရေးက အရေးကြီးပါတယ်။ အမျိုးသမီး အသုံးအဆောင်ပစ္စည်းတွေလည်း အရေးပါနေတယ်။”လိုနေရပ်ပြန်ဖို့ ပြင်နေတဲ့ အမျိုးသမီးက ပြောပါတယ်။
ရှမ်းမြောက်ပိုင်းက စစ်ရှောင်တွေကိုတော့ စစ်တပ်က နေရပ်ပြန်ဖို့ ဖိအားသာပေးနေပေမယ့် ကချင်ပြည်နယ်က စစ်ရှောင်တွေလို နေရပ်ပြန်ခြင်း၊ ပြန်လည်နေရာချထားခြင်း စတဲ့ ရွေးချယ်မှုတွေကို မပေးထားဘူးလို့ ဆိုပါတယ်။
အထူးသဖြင့် တိုက်ပွဲနှင့် လက်နက်ကိုင်အများအပြားတည်ရှိနေတဲ့ ရှမ်းမြောက် ကချင်ဒေသခံတွေဟာ နေရပ်ပြန်ဖို့ လုံးဝမဖြစ်နိုင်တဲ့အတွက် ကိုယ့်အစီစဉ်နှင့် နေရာအသစ်ရှာဖွယ်ကာ နေထိုင်ကြဖို့သာ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
“ပြန်ဖို့အတွက်က အကုန်သဘောတူပေမဲ့ အခုကျွန်မတို့က အိမ်တွေဆောက်ထားနိုင်တာမရှိသေးဘူး၊ အခုလိုမျိုး ပြင်ဆင်လာတဲ့အချိန် အိမ်ဆောက်တဲ့ အချိန် သံစတစ်ခုလေးဖြစ်ဖြစ်ကူညီပေးမဲ့ ဘယ်သူမှမရှိလို့ သွားရောက်ပြင်ဆင်လို့မရဘူးပေါ့၊ အဲ့တာကြောင့် ကျွန်မတို့ အရမ်းခက်ခဲနေသေးတယ်၊ ကူညီပေးနိုင်မဲ့ အဖွဲ့အစည်းတွေရှိမယ်ဆိုရင် ၁နှစ်ဖြစ်ဖြစ် ၂နှစ်ဖြစ်ဖြစ် လာရောက်ဆက်သွယ်ကူညီပေးရင် ကျွန်မတို့လည်းပိုပြီး ရပ်တည်နိုင်မှာဖြစ်တယ်လို့” ရှမ်းမြောက်က ကချင်စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မဖြစ်မနေ နေရပ်ပြန်ဖို့ တိုက်တွန်းချက်တွေမှာ အမျိုးသမီးနဲ့ ကလေးတွေအတွက် အထူးစဉ်းစာချက်တွေ ထည့်သွင်းပြီးတော့ ကူညီပေးစေချင်တယ်လို့ စစ်ရှောင်တွေက တောင်းဆိုနေကြပါတယ်။