သတင်း

မိုးကောင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး အိမ်ငှားနေထိုင်သူများထံမှ ငွေကြေးကောက်ခံနေ

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက စစ်ကောင်စီနှင့်ပူးပေါင်းပြီး ရပ်ကွက်အတွင်းအိမ်ငှားနေထိုင်သည့် မိသားများထံမှ လစဉ် တစ်အိမ်လျင် တစ်သောင်းကျပ်နှုန်းဖြင့် လိုက်လံကောက်ခံနေကြောင်းသိရသည်။

မြို့ဦးရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းခေါ်သူက ရပ်ကွက်အတွင်း အိမ်ငှားနေထိုင်သည့် မိသားစုများကို လစဉ် ဧည့်စာရင်းတိုင်ခိုင်းပြီး တစ်လလျင် ငွေကျပ် ၁၀၀၀၀ ပေးဆောင်ခိုင်းနေကြောင်း အိမ်ငှားနေထိုင်သူနှင့် ရင်းနှီးသည့် ပြည်သူတစ်ဦးက KNG ကိုပြောသည်။

ဧည့်စာရင်းကို တစ်လကိုတစ်ကြိမ် ပုံမှန်တိုင်ခိုင်းတယ် ပြီးတော့ စာရွက်စာတမ်းဖိုးဘာညာဆိုပြီး အိမ်ငှားတစ်ယောက်ကို တစ်သောင်းမပေးမနေရ တောင်းတယ်။ အမှန်တော့ လတိုင်း ဧည့်စာရင်းတိုင်စရာမလိုပါဘူး။ အိမ်ငှားဆီက ပိုက်ဆံတောင်းစားချင်လို့ သက်သက်လုပ်နေကြတာ။ သူတို့တောင်းတဲ့ တစ်သောင်းဆိုပေမယ့် လက်လုပ်လက်စားတွေအတွက်က အဆင်မပြေဘူးလေဟုပြောသည်။

မိုးကောင်းမြို့တွင် ရပ်ကွက်ပေါင်း ၁၄ ခုရှိသည့်အနက် မြို့ဦးရပ်ကွက် တစ်ခုတည်းသာ ယခုကဲ့သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ငွေကြေးကောက်ခံမှုကြုံနေရသည်ဟု သူကဆက်ဆိုသည်။

ကျန်တဲ့ရပ်ကွက်တွေတော့ မတောင်းဘူး ဒီရပ်ကွက်တစ်ခုပဲတောင်းတာ တစ်ခြားရပ်ကွက်ပြောင်းနေမယ်ဆိုရင်လည်း သူတို့အတွက်အခက်အခဲရှိတယ်။ အိမ်ငှားမရှိဘူးလေ သူများတွေငှားထားကြပြီနေရာမရှိတော့နောက်ဆုံး တစ်သောင်းပေးပြီးနေရတာပေါ့။ လက်လုပ်လက်စားသမားတွေဆို အိမ်ငှားခပေးရ၊ အုပ်ကြီးကိိုပေးရနဲ့ဆိုတော့ အခက်အခဲတွေဖြစ်တာပေါ့ဟုပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းခေါ်သူသည် မြို့ဦးရပ်ကွက်နေထိုင်သူများအား ငွေကြေးကောက်ခံနေသည်မှာ ၂၀၂၂ ခုနှစ် ဇွန်လခန့်ကတည်းက သိရသည်။

မိုးကောင်းမြို့တွင် ပြီးခဲ့သော ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် လူငယ် ၃ ဦး ပန်းဧကရီစားသောက်ဆိုင်မှ ထွက်လာပြီးလမ်းခုလတ်တွင် စစ်ကောင်စီအဖွဲ့နှင့် ဦးသိန်းဝင်းကိုယ်တိုင် အဆိုပါ လူငယ် ၃ ဦးကို ဆန္ဒပြသည်ဟု ပြောဆိုကာ ရိုက်နက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

Show More

Related Articles

Back to top button