မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ယုဇနကုမ္ပဏီထွက်ခွာခြင်း ၂ နှစ်ပြည့်ခဲ့သော်လည်း ဒေသခံများ မြေယာပိုင်ဆိုင်ခွင့်မရရှိသေး

ဟူးကောင့်ချိုင့်ဝှမ်းဒေသတွင် စစ်တပ်ကျောထောက်နောက်ခံပြုထားသော ယုဇနကုမ္ပဏီ ထွက်ခွာသွားခြင်း ၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်သော်လည်း မျှော်လင့်ထားသည့်အတိုင်း လယ်ယာမြေလုပ်ကိုင်ခွင့် အပြည့်အဝ မရရှိသေးကြောင်း ဒေသခံတောင်သူများဖွင့်ဟပြောဆိုသည်။

တနိုင်းသွားလမ်း လီဒိုလမ်းမတစ်လျှောက်ရှိ လယ်ယာမြေဧက ၄ သိန်း ကျော်ကို ယုဇနကုမ္ပဏီသည် စိုက်ပျိုးမြေအဖြစ် ဆယ်စုနှစ်တစ်ကျော်ကြာ သိမ်းပိုက်ထားခဲ့ရာမှ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလတွင် ထိုဒေသမှ အပြီးအပိုင်ထွက်ခွာသွားခဲ့သည်။

ဝါရာဇွပ် ကျေးရွာအုပ်စု ဘန်ကောက်ကျေးရွာတွင် အခြေစိုက်ထားသော ယုဇနကုမ္ပဏီဝင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်ကြိမ်ထက်မနည်း ဘက်ဟိုးများဖြင့် သွားရောက်ဖျက်ဆီးခဲ့ပြီးနောက် ယုဇနသိမ်းပိုက်ခဲ့သော မြေယာများကို ၎င်းတို့ စီမံကာ ခွဲဝေသွားမည်ဟု KIO က ဒေသခံများကို ထိုစဉ်က ပြောဆိုခဲ့သည်။

သို့သော်လည်း ယခု ၂ နှစ်ပြည့်သည်အထိ KIO တာဝန်ရှိသူများသည် ဒေသခံများကို လယ်ယာမြေ ခွဲဝေပေးခြင်း မရှိသေးသည့်အပြင် ယုဇန ကုမ္ပဏီစွန့်ခွာသွားသော မြေနေရာများတွင် ခွင့်ပြုချက်မရဘဲ တစ်စုံတစ်ရာလုပ်ကိုင်ခဲ့လျှင် အရေးယူခံရမည်ဟုသာ သတိပေးထားကြောင်း နောင်းမီ ဒေသခံတစ်ဦးက KNG ကို ပြောသည်။

ဒီနှစ်မှာက လယ်ယာမြေတွေ လုပ်လို့မရဘူးဆိုပြီး လိုက်ပြောနေတာ ၂ လ ရှိပြီ။ ခွဲဝေပေးမယ်လို့က မပြောတော့ဘူး လယ်မဝင်ကြနဲ့တဲ့။ ဒီနေရာတွေက သူများရဲ့ နေရာတွေဖြစ်တယ်တဲ့ အဲ့လိုက်ပြောနေတာဖြစ်တဲ့အတွက် ဒေသခံတွေကြားမှာတောင် အမျိုးမျိုးဖြစ်နေကြတယ်။ ဒီမြေယာကို ဘယ်သူ့ဆီ ပြန်ပေးလိုက်ပြီလဲပေါ့။ သူတို့ လယ်ယာမြေခွဲပေးဖို့ ရွာထဲမှာ ကော်မတီတွေ ဖွဲ့ထားကြတာဟုတ်တယ်။ အဲ့ဒီကော်မတီကို မေးကြည့်တော့လဲ သူတို့တွေ ဘာမှ မသိကြဘူးတဲ့။ အခုဒေသခံတွေသူတွေက မြေယာခွဲပေးဖို့စောင့်နေကြတာဟု ပြောသည်။

ယုဇနကုမ္ပဏီ ထွက်ခွာသွားပြီးနောက် KIO ၏ စီမံမှုဖြင့် ယခင်လယ်ယာမြေသိမ်းဆည်းခံခဲ့ရသော တောင်သူများကို ၎င်းတို့၏ လယ်ယာမြေကို ပြန်လည်ပေးအပ်ရန်နှင့် လယ်ယာမြေမရှိသော ဒေသခံများကိုလည်း ၅ ဧကစီ ခွဲဝေပေးရန် KIO ဘက်က ပြောဆိုထားသဖြင့် ကျေးရွာအလိုက် အရပ်သားများဖြင့် လယ်ယာမြေခွဲဝေရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်ဟု ဒေသခံများ ပြောသည်။

ထို့နောက် နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ၊ ဘန်ကောက်၊ တိန်ကောက်၊ ပန္နက် စသည့် ဒေသခံတောင်သူများသည် ယုဇနကုမ္ပဏီစွန့်ခွာခဲ့သော မြေနေရာများပေါ်တွင် တပိုင်တနိုင် လယ်ယာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာချိန် ထိုသို့မပြုလုပ်ရန် KIO က ဒေသခံများကို သတိပေးခဲ့သည်။

ကျနော်တို့ ဒေသခံတွေကြားမှာလည်း အသံမျိုးမျိုးပြန်ထွက်နေတာတွေရှိနေတယ်။ ဒီနေရာက ယုဇနမှာ အခွန်ရယူထားတဲ့ သက်တမ်းကျန်နေသေးတယ်လို့လည်း ကြားနေရတယ်။ အဲ့ကြောင့် ဒီနေရာတွေကို ပြန်လည် ဆုံးရှုံးဖို့ ရှိလာနိုင်တဲ့ အနေအထားမှာရှိနေတယ်။ မိုးကောင်းချောင်းအရဲ့ တစ်ဖက်ကမ်းတွေမှာဆို လယ်တွေမလုပ်ကြဖို့ မောင်းထုတ်ခံရတာရှိတယ်။ ဒီအခြေအနေကိုကြည့်ရင် တခြားတစ်ယောက်ကို ပြန်ငှားရမ်းထားတဲ့သဘောလား ဆိုပြီးတော့ အငြင်းပွားမှုတွေတော့ရှိနေတယ်ဟုအထက်ပါ နောင်းမီ ဒေသခံက KNG ကို ပြောသည်။

ဒေသခံတောင်သူများဘက်မှလည်း မြေယာခွဲဝေမှုနှင့်ပတ်သက်ပြီး အငြင်းပွားမှုမရှိရအောင် သက်ဆိုင်ရာ KIO ဒေသအုပ်ချုပ်ရေးရုံး၊ KIA တပ်ရင်း ၁၄ နှင့် လိုင်ဇာ ဗဟိုဌာနချုပ်အထိ စာတင်ပြတောင်းဆိုမှုများ ရှိထားသည်ဟု သိရသည်။

မြေယာခွဲဝေပေးမှုကို လိုလားနေသော ဒေသခံတောင်သူများသည် KIO ၏ လက်ရှိ လုပ်ဆောင်ချက်များကို ကျေနပ်မှုမရှိကြောင်း ပြီးခဲ့လတွင် သတင်းဌာနများထံသို့ ဖြေကြားခဲ့သည်။ သို့သော်လည်း ထိုဖြေကြားခဲ့သူများကို ဖမ်းဆီးအရေးယူမည်ဟု KIO ဒေသတွင်းတာဝန်ရှိသူများက ခြိမ်ခြောက်ပြောဆိုနေသည်ဟု ဒေသခံများ ဆက်ပြောသည်။

အခုချိန်အထိ ခွဲဝေပေးတာမျိုး လုံးဝမရှိသေးဘူး။ အဲ့ဒါနဲ့ပတ်သက်ပြီး တလောတုန်းက သတင်းဌာနတစ်ခုမှာ သတင်းတက်လာလို့ တောင် KIO က လိုက်စုံစမ်းနေတာ။ ‘ဖမ်းဆီးပြီးတော့ ထားလိုက်မယ်’ လို့ ဘာကိုပြောချင်လဲတော့ မသိဘူး။ အဲ့ကြောင့် ဒီမြေယာနဲ့ပတ်သက်ပြီး သူတို့ဘယ်လိုပုံစံလုပ်ဖို့ ရှိနေကြသလဲမသိဘူး” ဟု နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ဟူးကောင်း ချိုင့်ဝှမ်းဒေသတွင် ယုဇနကုမ္ပဏီကို ယခင်အစိုးရအဆက်ဆက် ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့သော Mungchying Rawt Jat (MRJ) အဖွဲ့ကိုလည်း လက်ရှိ မြေယာအရေးနှင့် ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် KIO က ခေါ်ယူ သတိပေးခဲ့သည်ဟုဆက်သိရသည်။

ထို့ကြောင့် ယခင်က ယုဇနကုမ္ပဏီကို ဆန့်ကျင်နိုင်ခဲ့သောဒေသခံများသည် လက်ရှိတွင် နှုတ်ဆိပ်နေရပြီး ယုဇနကုမ္ပဏီ စွန့်ခွာသွားသည့် မြေနေရာများတွင် KIO အရာရှိတစ်ချို့နှင့် လုပ်ငန်ရှင်တစ်ချို့ကသာ မြေဧကအများအပြား၏ ပိုင်ဆိုင်သူများဖြစ်လာကြသည်ဟု ဒေသခံ ဒုတိယအရင်းအမြစ်တစ်ဦးက KNG ကို ပြောဆိုသည်။

ဟူးကောင်းဒေသ မြေယာခွဲဝေပေးမှု အခြေအနေနှင့် ပတ်သက်ပြီး KIO/KIA ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူ က KNG ကို ယခုလို ပြန်လည်ပြောဆိုခဲ့သည်။

အဲ့ဒါနဲ့ပတ်သက်ပြီးတော့ သေချာမသိဘူး။ အဲ့ဒီဘက်မှာ လက်တွေ့ ကြီးကြပ်နေတဲ့ တပ်မဟာ နဲ့ တပ်ရင်းအဖွဲ့တွေပဲ ဖြစ်လိမ့်မယ်။ ဒီကနေတော့ သီးခြား မိန့်ကြားထားတာတွေတော့ မရှိသေးဘူး” ဟု ပြောသည်။

ယုဇန ကုမ္ပဏီ ထွက်ခွာသွားပြီးနောက် နောင်းမီ နှင့် ဝါရာဇွပ်ကျေးရွာ ၂ ခုကြား မြေဧက ၅၀၀ ဝန်းကျင်တွင် စစ်ရှောင် အိမ်ထောင်စု ၅၀ အတွက် မြေနေရာချထားပေးမှုသည် ပထမဆုံးဖြစ်ပြီး ဒေသခံများ မျှော်လင့်နေသော ဆုံးရှုံးမြေနေရာများကိုမူ မရရှိသေးကြောင်း သိရသည်။

ထို့ကြောင့် လီဒိုလမ်းမပေါ် ဌာနေ ဒေသခံတောင်သူများသည် ယခင် ၂၀၀၆ ခုနှစ် ယုဇနကုမ္ပဏီဝင်ရောက်မှု မတိုင်မှီ လုပ်ကိုင်စားသောက်ခဲ့သည့် ၎င်းတို့၏ နဂိုမူလမြေယာပိုင်ဆိုင်မှုအတိုင်း ပြန်လည်လုပ်ကိုင်စားသောက်လိုသောကြောင့် KIO အနေဖြင့် အမြန်ဆုံး အကောင်ထည်ဖော်ပေးရန် တောင်းဆိုနေကြပါသည်။

Show More

Related Articles

Back to top button