မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ရှားပါး ငှက်မျိုးစိတ်များအား ဖမ်းဆီးရောင်းချနေမှုကို တားဆီးသင့်ကြောင့် ပူတာအိုဒေသခံအချို့ ပြောဆို

ပူတာအိုစျေးတွင် ထိန်းသိမ်းကာကွယ်ထားသင့်သော ရှားပါးငှက်မျိုးစိတ်များကို ဖမ်းဆီးသတ်ဖြတ်ကာ ပေါ်ပေါ်တင်တင် ရောင်းချနေမှုကို တားဆီးသင့်ပြီဟု ဒေသခံတစ်ချို့က ပြောဆိုနေကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ထိုသို့ ရှားပါးငှက်မျိုးစိတ်ဖမ်းဆီးသတ်ဖြတ်မှုများကို ထိန်းသိမ်းကာကွယ်မည့်သူ မရှိတော့သဖြင့် ယခုလို ပိုမို ဆိုးရွာလာခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ပူတာအိုမှာ အခုက အရေးယူမှုပိုင်းတွေ မရှိတော့တာကြောင့် ဘယ်လောက်ထိဆိုးရွားလာလဲဆိုရင် တရုတ်ပြည်ဘက်က ဆောင်းခိုငှက်တွေ ဘယ်ကွင်းပြင်တွေမှာ လာနားနေချိန် ညအချိန် ဖမ်းယူကြပြီး မနက်စျေးမှာ လာရောင်းကြတာ။ ငှက်တွေက ခြေထောက်မှာဆို တရုတ်စာလည်းပါတယ် တံဆိပ်တွေလည်း ပါတယ်။ အောက်ချင်းငှက်မျိုးတွေ၊ ထူးဆန်းငှက်မျိုး တော်တော်များတယ်။ ကာလာစုံပဲ မနက်တိုင်းနီးပါး စျေးမှာရောင်းနေကြတာ တွေ့ရတယ်။ဟု ပူတာအို ဒေသခံအမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

ပြီးခဲ့သည့် မတ်လမှစပြီး ပူတာအိုမနက်ဈေးတွင် ထူးဆန်းပြီး တွေ့ရခဲသည့် ဆောင်းခိုငှက်မျိုး၊ ကြိုးကြာခေါင်းမဲ၊ မျောက်မြီးရှည်၊ မျောက်လွဲကျော် နှင့် တောင်ဆိတ်နီ စသဖြင့် ရှားပါး မျိုးစိတ်သားရဲ တိရစ္ဆာန်များကို ရောင်းချမှု ပိုမိုတိုးမြှင့်လာခြင်း ဖြစ်ကြောင်း သိရသည်။

ပူတာအိုတွင် ယခင်က တောတွင်း သားကောင်များကို ခိုးဝှက် ရောင်းဝယ်ခဲ့ကြသော်လည်း စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် မနက်ဈေးများတွင် တောတွင်းသားကောင်များအား ထင်သာမြင်သာ ခင်းကြင်းကာရောင်းဝယ်လာကြခြင်း ဖြစ်ကြောင်း ပြောသည်။

ထို့ကြောင့် သဘာ၀ ဂေဟစနစ် မထိခိုက်စေရန်နှင့် တောတွင်းတရိစ္ဆာန်များကို ထိန်းသိမ်းတတ်ရန် အဖွဲ့အစည်းတစ်ခုခုမှ ဒေသခံပြည်သူများနှင့် လက်တွဲပြီး အသိအမြင်ဖွင့်ပေးနိုင်ရန် အရေးတကြီး လိုအပ်နေကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

အဓိကတော့ စားဝတ်နေရေး ပြဿနာကြောင့် ဖြစ်လာတာဆိုတော့ ဒီအရာအတွက် အစားထိုးပေးမဲ့ စီးပွားရေးလုပ်ငန်းတွေကို များများလမ်းပြ ပညာပေးကူညီရင်တော့ ဒါမျိုးတွေ လျော့နည်းလာမယ်လို့ မြင်ပါတယ်။ မဟုတ်ရင်တော့ အကုန်မျိုးသုဉ်း ဂေဟတွေပျက်စီးသွားလိမ့်မယ်လို့ မြင်တယ်။” ဟု ပူတာအိုဒေသခံ အများသားတစ်ဦးက ပြောသည်။

ကိုဗစ်ကာလနှင့် စစ်အာဏာသိမ်းမှုကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေရသော ပူတာအိုဒေသခံများသည် မိမိဒေသတွင်းထွက် သစ်မြစ်၊ သစ်ဖု၊ ပန်းမျိုး၊ ဆေးမြစ်၊ ဆေးကောင်၊ အသား ၊ ငါး နှင့် ရှားပါးမျိုးစိတ် တို့ကို ရှာဖွေရောင်းချကာ ဝမ်းရေးအတွက် ဖြေရှင်းနေရကြောင်း ဒေသခံများ ပြောဆိုနေကြပါသည်။

Show More

Related Articles

Back to top button