သတင်း

တိုင်းရင်းမီဒီယာ ညီလာခံကို နယ်စပ်မြို့တစ်နေရာတွင် ၃ရက်သာကျင်းပခဲ့

လက်ရှိမြန်မာနိုင်ငံ၏ သတင်းမီဒီယာများ ရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲများနှင့် တိုင်းရင်းသားမီဒီယာ မူဝါဒဆိုင်ရာအဆိုပြုချက်များကို ရေးဆွဲအတည်ပြုခဲ့ကြသည့် အဋ္ဌမကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတစ်ခုကို ဧပြီလ နောက်ဆုံးပတ် နယ်စပ်မြို့ တစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 ၃ ရက်သာကျင်းပခဲ့သော ညီလာခံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားဒေသရှိ မီဒီယာများအပါအဝင် သတင်းမီဒီယာအဖွဲ့စည်းများ၏ ရပ်တည်ရေး အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု ပြောဆိုခွင့်တာဝန်ရှိသူ ဒေါ်နန်းဖောဂေ က KNG သတင်းဌာန ကို ပြောဆိုသည်။

မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ မီဒီယာတွေကို အဓိကဆွေးနွေးခဲ့ကြတယ်။ မီဒီယာအားဖြင့် တိုင်းပြည်ရဲ့ အရွေ့တစ်ခုကို တွန်းပို့ရမယ့် တာဝန်တစ်ရပ်ဖြစ်တယ်။ အဲ့ကြောင့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်တဲ့မီဒီယာတွေက သတင်းလုပ်ဆောင်နိုင်တဲ့နေရာတွေမှာ ရွှေ့ပြောင်း လုပ်ဆောင်နေရတယ်။ တစ်ဖက်မှာလည်း သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ နည်းပညာလုံခြုံရေးအခက်အခဲတွေအများကြီး ရင်ဆိုင်ကြုံတွေ့ နေရတယ်။ အဲ့ကြောင့် ဒီအခြေအနေအပေါ်မှာ ရေရှည်ဘယ်လိုရပ်တည်နိုင်ကြမလဲ ဆွေးနွေးခဲ့ကြတယ်ဟုပြောသည်။

ထို ညီလာခံတွင် လက်ရှိ စစ်ကောင်စီလက်အောက်တွင်ရှိသော မြန်မာသတင်းမီဒီယာကောင်စီ MPC သည် လွတ်လပ်သော မြန်မာသတင်းမီဒီယာများကို ကိုယ်စားပြုခြင်းမရှိကြောင်းထုတ်ပြန်ခဲ့သလို၊ လွတ်လပ်ပြီး အမှီအခိုကင်းသော သတင်းမီဒီယာများကို ထိန်းကျောင်းပေးမည့် ယန္တရားတစ်ခုဖြစ်မြောက်လာရေးအတွက် လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

သို့သော် အဆိုပါ ယန္တရားအကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် အသေးစိတ်ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်ဟု တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ဒီအချက်က ကျမတို့အတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်တယ်။ လက်ရှိ သတင်းမီဒီယာတွေဟာ သတင်းဌာနအသီးသီးက ရုပ်သိမ်းခံလိုက်ရတာရှိတယ်။ တစ်ချို့က မရပ်တည်နိုင်ဘဲ ရပ်တန့်လိုက်တာရှိတယ်။ ဆက်လက်ရပ်တည်နေတဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် မြန်မာသတင်းမီဒီယာတွေရဲ့ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းကရှိမနေဘူး။ လက်ရှိ စစ်ကောင်စီရဲ့ သတင်းမီဒီယာ ကောင်စီကလည်း လွတ်လပ်တဲ့ မြန်မာမီဒီယာတွေအတွက် ကိုယ်စားပြုတဲ့ အဖွဲ့တွေမဟုတ်ဘူး။ အဲ့ကြောင့် အားလုံးကို ကိုယ်စားပြုတဲ့ ယန္တရားရှိသင့်တယ်ထင်လို့ ဖွဲ့စည်းခဲ့ကြတယ်ဟုပြောသည်။

စစ်တပ်အာဏာသိမ်းပြီး သတင်းမီဒီယာများကြုံတွေ့ခဲ့ရသော အခက်အခဲများနှင့် စပ်လျဉ်းပြီး သတင်းမီဒီယာများ လက်ဆက်ရပ်တည်နိုင်ရေး၊ သတင်းမီဒီယာနှင့် ဒီဂျစ်တယ်ပလက်ဖောင်းပေါ်မှာ သတင်းထုတ်လုပ်မှု၊ သတင်းသမားများ၏ လုံခြုံမှုအကာအကွယ်ပေးမှု၊ တိုင်းရင်းသားဒေသများတွင် လူထုဝန်ဆောင်မှု အနာဂတ်မီဒီယာများ ပေါ်ထွန်းလာနိုင်ရေး၊ တိုင်းရင်းသား သတင်းမီဒီယာ မူဝါဒများနှင့် မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော သတင်းများကို အာဆီယံနိုင်ငံများသို့ သိရှိအောင် ပြောဆိုဖော်ပြမှု စသည့် အချက်များဖြင့် ၃ ရက်သာ ဆွေးနွေးခဲ့ကြသည်ဟု ဆက်လက်ပြောဆိုသည်။

ညီလာခံတွင် ပြည်တွင်းပြည်ပ တိုင်းရင်းမီဒီယာများ၊ သတင်းသမားကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများ မိတ်ဖက် သံတမန်အချို့နှင့် အလှူရှင်များ စုစုပေါင်း ၁၃၀ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ တိုင်းရင်းသား မီဒီယာညီလာခံပွဲကို လွတ်လပ်ပြီး အမှီအခိုကင်းသော မြန်မာမီဒီယာများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်ရပ်တည်နိုင်ရေးနှင့် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတွင် မီဒီယာများ၏ အခန်းကဏဏ္ဍအတွက် ရည်ရွယ်ပြီး နိုင်ငံတကာ မြန်မာသတင်း (Burma News International) အဖွဲ့က အဋ္ဌမအကြိမ်အဖြစ် ဦးဆောင်ကျင်းပပေးခဲ့ခြင်းလည်း ဖြစ်သည်။

တိုင်းရင်းမီဒီယာညီလာခံကို ၂၀၁၃ ခုနှစ်တွင်စတင်ကျင်းပခဲ့ပြီး ၇ ကြိမ်မြောက်ညီလာခံကို ၂၀၁၉ ခုနှစ် မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button