ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ တရုတ်ရဲ့ စီးပွားရေးစီမံကိန်းကို ကာကွယ်ပေးခြင်းသာ ဖြစ်တယ်လို့ ပြည်သူတွေပြော

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထိန်းချူပ်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ဟာ တရုတ်စီးပွားရေး စီမံကိန်းများနှင့် လာရောက်ရင်းနှီးမြုပ်နှံမှုတွေကို ကာကွယ်ပေးချင်တဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ပြည်သူတချို့ ပြောဆိုပါတယ်။

 

ကိုးကန့် MNDAA ၊ တအောင်းတပ်မတော် TNLA နှင့် ရက္ခိုင့်တပ်တော် AA စတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းများအပေါ် နှောက်ယှက်ဖျက်ဆီးသူတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ့်အပြင် ရင်းနှီးမြှုပ်နှံမှုကုမ္မဏီ (သို့မဟုတ်) ပုဂ္ဂိုလ်များအပေါ် အနှောက်အယှက်ပေးတာတွေ၊ ဆတ်ကြေးတောင်းခံတာမလုပ်ဖို့ဖော်ပြထားပြီး ပြစ်မှုကျူးလွန်သူမည်သူကိုမဆို ဥပဒေအရအရေးယူဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်တွေ ပါရှိပါတယ်။

ရှမ်းမြောက်ဒေသမှာ ပြီးခဲ့တဲ့ ၃ နှစ်ခန့်ကစပြီး တရုတ်စီးပွားရေးစီမံကိန်းတစ်ချို့  စတင်တိုးချဲ့အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပြီး လက်ရှိမှာလည်း လားရှိုး-မူဆယ် လမ်းမတစ်လျှောက် တရုတ်၏စီးပွားရေးစီမံကိန်းများ အကောင်အထည်ဖော်ရန် ကြိုးစားနေပြီဖြစ်တာကြောင့် အဲဒီစီမံကိန်းလုပ်ငန်းစဉ်တွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့  ထုတ်ပြန်တာဖြစ်နိုင်တယ်လို့ ရှမ်းမြောက် ဒေသတွင်းကျွမ်းကျင်သူတစ်ဦး KNG ကို အခုလို သုံးသပ်ပြောဆိုပါတယ်။

“တရုတ်ရဲ့စီးပွားရဲ့စီမံကိန်းကြီးတွေ ဝင်လာတော့မယ်၊ OBOR မီးရထားလမ်းစီမံကိန်း၊ အခြားစီးပွားရေးစီမံကိန်းတချို့တွေက ဒီဘက်ကို အရင်နှစ်ကတည်းက မြေတွေသိုင်းပြီးအကောင်အထည်ဖော်နေပြီ။ တချို့ဆို စတင်လုပ်ငန်းစနေတာလည်းရှိတယ်။ ကွတ်ခိုင်မှာဆို နွားကုမ္မဏီအကြီးကြီးရှိတယ်။ ဒါတွေလည်း တရုတ်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ စီးပွားရေးတစ်ခုပဲ။”လို့ ပြောပါတယ်။

ဓါတ်ပုံ-CRI Myanmar
ဓါတ်ပုံ-CRI Myanmar

တရုတ်-မြန်မာ ရထားလမ်း စီမံကိန်းအတွက်ကိုတော့ မန္တလေး-မူဆယ် လမ်းဖြစ်နိုင်ခြေ မြေပြင်အနေအထား လေ့လားဆန်းစစ်ချက်ကို တရုတ်ကုမ္မဏီ CREEG ဘက်မှ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက မြေများသိုင်းထွာ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။

တရုတ် ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနယ်စပ် ရှမ်းမြောက်ကိုဖြတ်ပြီး မန္တလေးကနေတဆင့် ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူအထိ ဖောက်လုပ်ဖို့လျာထားတဲ့ စီမံကိန်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ရှမ်းမြောက် လားရှိုး- မူဆယ် အာရှလမ်းမကြီးတစ်လျှောက်က လမ်းမနေရာတချို့လမ်းဘေးတွေမှာတော့ တရုတ်စီးပွားရေး စီမံကိန်းအတွက် ဆိုင်းဘုတ်စာများ မြေယာသတ်မှတ်တဲ့ ဆိုင်းဘုတ်တွေကို စတင်စိုက်ထူထားပြီဟု ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက တရုတ်နယ်စပ်ရှိ မိုင်းလားမြို့မှာ တရုတ်ရဲ့ကြားဝင်စေ့စပ်ပေးမှုကြောင့် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA ၊ တအောင်း TNLA နှင့် ရခိုင့်တပ်တော် AA တို့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါတယ်။

ဆွေးနွေးမှုအပြီး ခုလို ထုတ်ပြန်ချက်ဖြစ်ပေါ်လာခဲ့တာဟာ တရုတ်ရဲ့ စီးပွားရေးကြောင့်သာဖြစ်တယ်လို့ ကချင်ဒေသဆိုင်ရာ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦး ပြောပါတယ်။

အဓိကတော့ မိုင်းလားမှာ တရုတ်နဲ့ စစ်တပ်နဲ့ သွားတွေ့ဆုံခဲ့တဲ့နောက်ဆက်တွဲဖြစ်တယ်လို့မြင်တယ်။ သူတို့က သူတို့ရဲ့ နောက်ကွယ်မှာ တရုတ်နဲ့အဆင်ပြေအောင် ကြိုးစားတယ်။ ပြီးတော့ ဒေသတွင်း သူတို့ရဲ့ လှုပ်ရှားမှု အခြေအနေကိုကြည့်ရင် ပေါ်ပေါ်တင်တင်ပြီး စာမှာထည့်ရေးပြစရာမလိုဘူး။ တန်းသိတယ်။ တရုတ်ရဲ့ စီးပွားရေးစီမံကိန်းတွေ မထိခိုက်အောင် အဓိကပြောချင်တယ်ဆိုတာ တွေ့ရတယ်။ ရခိုင်ဘက်ဆိုရင် ကျောက်ဖြူစီမံကိန်းတို့ ဘာတို့ တရုတ်ရဲ့ စီမံကိန်းကြီးတွေ စတင်နေပြီ။ ဒါတွေနဲ့ အကုန်သက်ရောက်ချိတ်ဆက်နေတယ်” လို့ ပြောပါတယ်။

ကွတ်ခိုင်မြို့တွင် တရုတ်အ​ကောင်အထည်​ဖော်ရန်ကြိုးစား​နေတဲ့ ကုမ္မဏီ၀င်းသို့ ပြ​နေသည့် ဆိုင်းဘုတ်
ကွတ်ခိုင်မြို့တွင် တရုတ်အ​ကောင်အထည်​ဖော်ရန်ကြိုးစား​နေတဲ့ ကုမ္မဏီ၀င်းသို့ ပြ​နေသည့် ဆိုင်းဘုတ်

 

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာတော့ ကန်ပိုင်တီကနေ မြစ်ကြီးနားမြို့နယ်မှာရှိတဲ့ နန်ကျင်စီးပွားရေးဇုန် စီမံကိန်းအတွက်  တရုတ်စီးပွားရေးလုပ်ငန်းရှင်အဖွဲ့က လာရောက်သွားတယ်လို့ ပြောဆိုမှုတွေရှိနေပေမယ့် KNG သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိခဲ့ပါဘူး။

အလားတူ ကချင်ဒေသမှာတင် မဟုတ်ဘဲ မြန်မာတနိုင်ငံလုံးအဆင့်တရုတ်ကိုင်တွယ်ထားတဲ့ စီးပွားရေးစီမံကိန်းများ ထိခိုက်နှောက်ယှက်ခြင်း မခံရအောင်၊ အဖွဲ့အစည်းတိုင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တိုင်းကို တရုတ်ဘက်မှ ပုံမှန်ဖိအားပေးနေကြောင်း ကချင်ဒေသ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အခုလို ဆက်ပြောပါတယ်။

ဒီထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို KNG သတင်းဌာနက ဆက်သွယ်ကြိုးစားနေပေမယ့် လက်ရှိချိန်ထိ ဆက်သွယ်မလို့ ရနိုင်သေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပဋိပက္ခများနှင့် လူမှုစီးပွားရေးပြဿနာများကြား တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ အကောင်ထည်ဖော်နေဆဲ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button