တိုက်ပွဲသတင်း

ဗန်းမော်ဘက်ကိုဆန်တက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ သံခွန်ရေယာဉ်ပစ်ခတ်ခံရ၊ စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်လိုက်အတွက်ပြည်သူ ၂ဦးကျည်ထိမှန်

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဘိုကုန်းဘက်ကနေ ဗန်းမော်မြို့ဘက်ကို သံခွန်ရေမော်တော်တွေနဲ့ ဆန်တက်သွားတဲ့စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံနေရပြီး စစ်တပ်ကပြန်ပစ်ခတ်သောကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့သိရပါတယ်။

ဘိုကုန်းနဲ့ချောင်းဝကျေးရွာတွေကို မီးရှို့ခဲ့တဲ့ အင်အား ၃၀၀ နီးပါးပါတဲ့စစ်ကြောင်းဟာ ဒီကနေ့ မနက်ပိုင်း ဘိုကုန်းကနေ ဗန်းမော်ဘက်ကို သံခွန်မော်တော်တွေယာဥ် သုံးစီးနဲ့ ဆန်တက်သွားတဲ့စဉ် ကာကွယ်ရေးတပ်ဖွဲ့တွေကရွှေကူမြို့အထက်ဘက် ငပေါက်ဝရွာ နားမှာတစ်ကြိမ်၊ ဇင်းဘုံကျေးရွာနားမှာတစ်ကြိမ် ၂ကြိမ်တိတိတိုက်ခိုက်ခဲ့ပြီး စစ်တပ်ကပြန်လည်ရမ်းသမ်းပစ်ခတ်တာကြောင့်အရပ်သား ၂ဦးလည်းထိထားတယ်လို့ ဇင်းဘုံကျေးရွာက အမည်မဖော်လိုတဲ့ရွာသားတစ်ဦးက အခုလိုပြောပါတယ်။

“ငပေါက်ဝအထက်နားလေးမှာဖြစ်သွားတာမနက်က အဲ့မှာပြည်သူနှစ်ယောက်တော့ ထိသွားတယ်။ ငပေါက်ဝမှာကခနလေးဖြစ်သွားတာ သူတို့မြစ်ကြောင်းထဲမှာ အပေါ်ကနေ ဒရုန်းနဲ့ချတာကာကွယ်ရေးတပ်တွေက။ ၁၁နာရီလောက်မှာဖြစ်သွားတာ သူတို့ငပေါက်ဝဘုရားကုန်းမှာလည်း တချို့ရှိနေတာစစ်သားတွေအဲ့ကနေလှမ်းပစ်တာပြည်သူ ၂ယောက်ထိထားတယ်”လို့ ဇင်းဘုံရွာသားကပြောပါတယ်။

၂၀၂၂ ခုနှစ် ရွှေကူကနေ ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ သံခွန်ရေယာဉ်
၂၀၂၂ ခုနှစ် ရွှေကူကနေ ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ သံခွန်ရေယာဉ်

စစ်ကောင်စီတပ်ရမ်းသမ်းပစ်ခတ်လို့ထိခိုက်ဒဏ်ရာရရှိသွားတဲ့ အရပ်သား ၂ဦးဟာ ငပေါက်ဝကျေးရွာကဖြစ်ပြီး အသက် ၃၃ နှစ်အမျိုးသားတစ်ဦးနဲ့အသက် ၁၈ နှစ်အမျိုးသမီးတစ်ဦး တို့ဖြစ်တယ်လို့ သိရပါတယ်။

ငပေါက်ဝကျေးရွာမှာ တိုက်ခိုက်ခံရပေမယ့် လက်ဆက်ချီတက်လာနေတဲ့ အဲ့ဒီစစ်ကြောင်းကို ဇင်းဘုံကျေးရွာအနီးမှာ ကာကွယ်ရေးတပ်တွေက နောက်ထပ်တစ်ကြိမ် ခြုံခိုတိုက်ခဲ့ပြီး တိုက်ပွဲအနည်းငယ်ပြင်ထန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ စစ်သားတွေက သံခွန်မော်တော်တွေနဲ့ တက်လာတာ သုံးစီးတက်လာတာ အခုကဇင်းဘုံမှာဖြစ်နေတယ် ရေကြောင်းမှာဖြစ်နေတယ်”လို့ ပြောပါတယ်။

ဇင်းဘုံကျေးရွာအနီးဖြစ်တဲ့တိုက်ပွဲမှာ အချိန် မိနစ် ၃၀ နီးပါးရှိပြီး ကာကွယ်ရေးဘက်က ဒရုန်း၊ လက်နက်ငယ်တွေအသုံးပြု တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း လက်ကြီး၊ လက်နက်ငယ်တွေ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့သိရပါတယ်။

ယနေ့ထိတွေ့မှုဖြစ်တဲ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုကိုတော့ KNG သတင်းက အသေးစိတ်မသိရသေးပါဘူး။

စစ်သားတွေအသုံးပြုလာတဲ့ သံခွန်ရေမော်တော်သုံးစီးထဲမှာတစ်စီးက တောပုန်းကျေးရွာ ဘုန်းကြီးကျောင်းဆရာတော်ပိုင်တဲ့သံခွန်ရေမော်တော်တစ်စီးပါပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့သာသနာ့အလံကို တပ်ဆင်အသုံးပြုပြီး စစ်ကြောင်းထိုးလာတာလို့ဒေသခံတွေကဆိုပါတယ်။

လက်ရှိစစ်ကြောင်းထိုးလာပြီးကာကွယ်ရေးတပ်နဲ့စစ်ကောင်စီတပ်တွေကြားထိတွေ့မှုဖြစ်နေတာကြောင့် ငပေါက်ဝ၊ ဇင်းဘုံ၊တောပုန်းစတဲ့ကျေးရွာနေပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ဗန်းမော်ဘက်ဆန်တက်သွားတဲ့အဲ့ဒီစစ် ကြောင်းဟာ ဇူလိုင်လ ၃ရက်နေ့ကရွှေကူအနောက်ခြမ်းမှာရှိတဲ့ သံဘို၊ ချောင်းဝကျေးရွာဘက်မှာစစ်ကြောင်းထိုင်းဝင်ရောက်ခဲ့ပြီး ဘိုကုန်းကျေးရွာက လူနေအိမ် ၅ လုံးနဲ့ ချောင်းဝကျေးရွာက လူနေအိမ် ၆လုံးနဲထင်းကားရွာက ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းထဲက အဆောင်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ ခလရ ၇၇နှင့် ခလရ ၁၀ စစ်ကြောင်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button