လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

နာဂလက်နက်ကိုင်ဌာနချုပ်ဘက်ကို စစ်တပ်ကစက်သုံးဆီနဲ့ဆန်တင်ပို့ခွင့်ပိတ်ထား၍ စျေးအဆမတန်မြင့်တက်

စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ် နာဂလက်နက်ကိုင်တပ်ဌာနချုပ်ရှိတဲ့ဘက်ကို စစ်ကောင်စီတပ်က ဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကို ပိတ်ထားသောကြောင့် ဆန်နဲ့ဆီစျေးတွေအဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

ပုံမှန်အားဖြင့် တလူးကျေးရွာနဲ့ တကားကျေးရွာဘက်ကို ဆန်နဲ့စက်သုံးဆီတင်ပို့ရာမှာ တနိုင်းချောင်းကိုအသုံးပြုလျက်ရှိပြီး လက်ရှိ တလူးမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က အဲ့ဒီရေကြောင်းလမ်းကနေဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကိုပိတ်လိုက် တာကြောင့် တလူး၊တကားကျေးရွာဘက်တွေမှာ စျေးတွေအဆမတန်မြင့်တက်နေတယ်လို့ ဆန်နဲ့စက်သုံးဆီတင်သွင်းတဲ့တလူးကျေးရွာနေအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“ပိတ်တာက ခလုံးရေဆိပ်ကနေပိတ်လိုက်တာ ခရီးသည်တွေကတော့ပုံမှန်သွားခိုင်းတယ်လေး တခြားကုန်လည်းရတယ်။ ဆန်နဲ့ စက်သုံးဆီတွေကိုပိတ်တာ သယ်လို့မရဘူး။ ခလုံးရေဆိပ်နဲ့ အဲ့ဒီတလူးနဲ့တကားကြားပိတ် တာပေါ့ ရက်ပေါင်း ၂၀လောက်ရှိပြီပိတ်ထားတာ”လို့ ပြောပါတယ်။

လက်ရှိရေကြောင်းပိတ်လိုက်တာကြောင့် စက်သုံးဆီနဲ့ ဆန်တို့ကို ခန္တီး၊လဟယ်ဘက်ကနေ ကုန်းကြောင်းနဲ့တင်သွင်းနေရပေမယ့် လမ်းပမ်းဆက်သွယ်ရေးခက်ခဲတာကြောင့် ဆန်တအိတ်မှာ ငွေကျပ် ၁၅၀၀၀၀၊စက်သုံးဆီတစ်ပေပါမှာ ကျပ် ၁၄၀၀၀၀၀ ဝန်းကျင်အထိ စျေးတက်နေတယ်လို့ တလူးကျေးရွာဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“တလူးတကားဘက်ကိုက ဆန်၊ဆီ၊ဆားကအစ ခလုံးရေဆိပ်လမ်းနဲ့ပဲလာတာလေး နီးလေးနီးတယ် ဟိုးခန္တီးတို့ဘက်ကတော့ ကားလမ်းကောင်းကောင်းမှမရှိတာဝေးလေးဝေးတယ် အဲ့ကြောင့်အဲ့လမ်းကြောင်းနဲ့က ကုန်တွေလာဖို့မလွယ်ဘူး အဲ့ကြောင့်စျေးတက်နေတာ”လို့ ပြောပါတယ်။

တလူး၊တကားဘက်က ဒေသခံတွေဟာ တောင်ယာနှင့်လယ်စပါးကိုအဓိအားထားကြလို့ အခက်အခဲသိပ်မရှိပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ နာဂလက်နက်ကိုင် တပ်ဖွဲ့တွေကတော့ တနိုင်းဘက်က ရေကြောင်းနဲ့တင်ပို့တဲ့ ဆန်၊စက်သုံးဆီကိုအဓိက အားထားနေရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရေကြောင်းမပိတ်ခင်မှာတော့ တလူး၊တကားဘက်မှာ ဆန်တစ်အိတ်ကျပ် ၁၂၅၀၀၀ ဝန်ကျင်းနဲ့ စက်သုံးဆီတစ်ပေပါ ကျပ် ၁၂၀၀၀၀၀ နဲ့ ၁၃သိန်း ဝန်ကျင်အထိသာရှိခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်က တလူး၊တကားကျေးရွာဘက်တွေမှာအရင်က ဆန်၊ဆီသယ်ယူခွင့်ပိတ်ပင်ခဲ့တာမရှိခဲ့ပေမယ့် လက်ရှိဘာကြောင့် ပိတ်ပင်တယ်ဆိုတာကိုတော့အသေးစိတ်မသိရှိရသေးပါဘူး။

လက်ရှိပိတ်ထားတဲ့ရေကြောင်းဟာ တလူး၊တကား၊တုံမနီ၊ ဝေဘီခူး၊ထမံစီ၊ဒိုက်စီး၊မှော်ဝှမ်းပလန် စတဲ့ကျေးရွာတွေအတွက် အဓိက အားထားရတဲ့လမ်းကြောင်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button