သတင်း

ရွှေကူအရှေ့တောင်ခြမ်းက စစ်ရှောင်ပြည်သူများ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးအကူအညီလိုအပ်နေ

ကချင်ပြည်နယ် ရွှေကူမြို့နယ် အရှေ့တောင် ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ရာသီတုပ်ကွေးအဖြစ်များလာနေပြီး ဆေးဝါး အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေကန သိရပါတယ်။

လွန်ခဲ့တဲ့ မတ်လကတည်းက တောတောင်တွေထဲစစ်ဘေးရှောင်နေရတဲ့မံဝင်း၊စီသာ၊ စီသောင်၊ နောင်လတ်ကြီး၊ နန့်လန်၊ မံနား၊ မံခါး၊ စီမူလေး၊စီမူကြီးနဲ့ အနီးဝန်ကျင်ကကျေးရွာပေါင်း ၁၂ ရွာက ဒေသခံပြည်သူတွေဟာ တောတောင်တွေထဲစစ်ရှောင်နေရပြီး မိုးတွင်းကာလ နေရာထိုင်ခင်းအဆင်မပြေမှုနဲ့ သောက်သုံး ရေမသန့်ရှင်းမှုတွေကြောင့် လတ်တလော ရာသီတုပ်ကွေး အဖြစ်များလာပြီး ဆေးကုသဖို့ အကူအညီတွေလိုအပ်နေတယ်လို့ မံဝင်းကျေးရွာနေ စစ်ရှောင်အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“ဆေးကကုမလောက်ဖြစ်နေတာ ဖျားနေကြတာ တနယ်လုံးက ကုပ်ကွေးဟာလွန်ခဲ့တဲ့ ၅ရက် တစ်ပတ်လောက်ကနေစဖြစ်တာပါ့။ ကျွန်တော်တို့ရွာက လူ ၂၀၀ ကျော်တယ် လူလေးဆယ် ငါးဆယ်လောက်ဖျားနေတာ ဘသူ့ကိုကြည့်လိုက်ကြည့်လိုက် ဖျားနေတာ။ဆေးမရှိတော့နီးစပ်ရာဟိုကပေးတာလေးသောက်လိုက် ဒီကပေးတာလည်း သောက်လိုက်။ဂျာမနီရွက်လည်းပြုတ်သောက်တာပဲရှိတယ်”လို့ သူကပြောပါတယ်။

ရွာပေါင်း ၁၂ ရွာထဲက စစ်ရှောင်ပြည်သူ ၁၀၀၀၀ နီးပါးအနက် လက်ရှိ လူပေါင်း ၄၀၀၀ ဝန်းကျင်လောက်သာ နေရပ်ပြန်ကြပြီး တောတောင်တွေထဲ ကျန်နေတဲ့လူပေါင်း ၅၀၀၀ ကျော်လောက်ထဲက အများစု ၃ပုံ ၂ပုံလောက်ဟာ ရာသီတုပ်ကွေးဖြစ်နေကြတယ်လို့ စီသာကျေးရွာထဲက စစ်ရှောင်အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

 “တုပ်ကွေးကတောထဲမှာပိုဖြစ်နေကြတယ်။  တော်တော်များများဖြစ်နေကြတယ်။ ဆေးကတော့မရှိဘူးဗျတချို့တတ်နိုင်တဲ့လူက ရွှေကူမြို့ပေါ်က ဆေးခန်းမှာလေးတွေသွားဝယ်ကြတာ ဖြစ်တဲ့လူကပူတယ်၊ ကိုက်တယ်၊ အဆစ်အမြစ်ကိုက်တယ်။ ခေါင်းကိုက်တယ်။ ဗိုက်ပူတယ်အဲ့လိုတွေ ဖြစ်နေကြတာ”လို့ သူကပြောပါတယ်။

ရာသီတုပ်ကွေးဟာအသက်အရွယ်စုံမှာဖြစ်နေကြပြီး လွန်ခဲ့တဲ့ ဇွန်လကတည်းက တုပ်ကွေး စဖြစ်ကြပေမယ့် အခုရက်ပိုင်းအတွင်းမိုးများနေတာကြောင့် တုပ်ကွေးဖြစ်နှုန်းက ရုတ်တရက် ထိုးတက်လာနေတယ်လို့သိရပါတယ်။တုပ်ကွေးအဖြစ်များနေတဲ ရွှေကူစစ်ရှောင်တွေအတွက် လိုအပ်တဲ့ဆေးဝါးတွေကတော့ ငှက်ဖျားဆေး၊အကိုက်အခဲ ပျောက်ဆေး၊ ဝမ်းနဲ့ဆိုင်တဲ့ဆေးတွေနှင့်တခြား ရာသီတုပ်ကွေးနဲ့သက်ဆိုင်တဲ့ဆေးဝါးတွေလိုအပ်နေတယ်လို့သိရပါတယ်။

လက်ရှိကာလမှာ ရာသီတုပ်ကွေးက တနိုင်ငံတဝန်းဖြစ်နေကြပေမယ့် ကာလ ကြာရှည်စစ်ဆေးရှောင်နေတဲ့ ရွှေကူစစ်ရှောင်ပြည်သူတွေအတွက် ဆေးဖိုးငွေကြေးမတတ်နိုင်ကြ တာကြောင့် အလိုအညီလိုအပ်နေကြတာဖြစ်ပါတယ်။စစ်ရှောင်ပြည်သူ ၁၀၀၀၀ နီးပါးထဲက သုံးပုံ တစ်ပုံလောက်သာလက်ရှိနေရပ်ပြန်ကြပြီး အများစုကတော့ ရွှေကူအရှေ့တောင်ခြမ်းမစစ်တပ်ကစစ်ရေးလှုပ်ရှားမှုပုံမှန်ရှိနေသလို နေအိမ်တွေတည်ဆောက်ပြီးစစ်တပ်ကနောက် တစ်ကြိမ်မီးထပ်ရှို့မှာကိုစိုးရိမ်နေကြတဲ့အတွက် နေရပ်မပြန်ကြသေးတာလို့ဆိုပါတယ်။

စစ်အင်အား ၃၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီ စစ်ကြောင်းသည် မတ်လ ၂၁ ရက်နေ့မှ စတင်ကာ ၁၀ ရက် ခန့် အကြာ ရွှေကူအရှေ့တောင်ခြမ်းဘက် ကျေးရွာများတွင် ဝင်ရောက်ခဲ့ပြီး ပြည်သူလူထု၏ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့ပါတယ်။

ရွှေကူမြို့နယ်အတွင်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွင် မံဝိန်းကျေးရွာမှ အိမ်ခြေ ၁၂၉ လုံး၊ စီသာကျေးရွာမှ အိမ်ခြေ ၁၀၀ လုံး၊ မံနာကျေးရွာမှ အိမ်ခြေ ၅၇ လုံး၊ တုံးကောက် ကျေးရွာမှ အိမ်ခြေ ၄၁ လုံး၊ စီသောင်းရွာမှ အိမ်ခြေ ၂၁၁ လုံး၊ မံခါးကျေးရွာမှ အိမ်ခြေ ၃၅ လုံး၊ စီမော်ကျေးရွာမှ အိမ်ခြေ ၁၁၁ လုံး၊ စီမူကြီးကျေးရွာမှ အိမ်ခြေ ၂၈ လုံး၊ စီမူလေးကျေးရွာမှ အိမ်ခြေ ၆၀ လုံး၊ နန့်လန် ကျေးရွာ အိမ်ခြေ ၁၃၀ လုံးနှင့် နောင်လတ်ကြီး ကျေးရွာမှ အိမ်ခြေ ၃၇ လုံး မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့တာပါ။

Show More

Related Articles

Back to top button