တိုက်ပွဲလူ့အခွင့်အရေးချိုးဖောက်မှုသတင်း

နမ့်ဖတ်ကာမှာ စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာပြင်းထန်

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာနားမှာ စစ်ကောင်စီတပ်နဲ့KIA တပ်တို့အကြား တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်ကလက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာမှ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၄ ထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေပြောပါတယ်။

ဇူလိုင် ၁၈ မနေ့ကညနေပိုင်း ၃ နာရီလောက်ကနေ နမ့်ဖတ်ကာအနီးမှာရှိတဲ့ ကောင်ရာတောင်ကုန်းဘက် သေနတ်ပစ်ခတ်သံတွေဆူညံလာပြီးနောက် စစ်ကောင်စီတပ်နဲ့ KIA တို့ကြား ညနေ ၅ နာရီကနေ ၈ နာရီခွဲထိ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်က ရွာဘက်ကိုလက်နက်ကြီးနဲ့ဆက် တိုက်ပစ် ခတ်ခဲ့တာဖြစ်တယ်လို့ နမ်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။

“လက်ရှိ ကျမတို့သိရသလောက် ၅ ယောက်ထိတယ်။ ဆေးရုံရောက်သွားတာက ၃ ယောက်ဟုတ်တယ်။ မောင်ဘရန်ဆန်အောင်၊ မောင်နော်ပါ၊ ဒေါ်ခေါန်နန် သားအမိတွေ ဆေးရုံရောက်တယ်။ ဒါပေမဲ့ မောင်နော်ပါက ည ၉ နာခွဲလောက်မှာ သေဆုံးသွားတယ်။ ဒါကြောင့် ကွတ်ခိုင်ဆေးရုံက အိမ်ကိုခေါ်လာပြီး ဆုတောင်းသဂြိုလ်ဖို့ ပြင်ဆင်နေတယ်။ အမေဖြစ်သူက ဆေးရုံမှာ ကျန်နေခဲ့ပြီ။” လို့ ကူညီပေးနေသူ နမ့်ဖတ်ကာဒေသခံတစ်ဦးပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲကြာချိန် ၄ နာရီခန့်ကြာ ဖြစ်ပွားခဲ့ပြီး နမ့်ဖတ်ကာ ခလရ ၁၂၃ စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ကောင်ရာဘက် ဇွပ်ရာကျေးရွာက နေအိမ်တစ်အိမ်မှာ လက်နက်ကြီးကျပြီး မီးလောင်ဆုံးရှုံးသွားတဲ့အပြင် ဇီးဒဗန်ရပ်ကွက်မှ နေအိမ်ဝင်းတစ်ခုထဲကိုလည်း လက်နက်ကြီးကျပြီး မိသားစု ၃ ဦးလုံး ထိခိုက်ဒဏ်ရာရရှိပြီး အိမ်နီးချင်း အမျိုးသမီးငယ်တစ်ဦးလည်း ထိခိုက်တဲ့အပြင် တအောင်းအမျိုးသား ဦးအိုက်မူ ဆိုသူလည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူထဲက ကွတ်ခိုင်မြို့ပြည်သူ့ဆေးရုံရောက်နေတဲ့ မိသားစု ၃ ယောက်အနက် အသက် ၁၅ နှစ်အရွယ် သားဖြစ်သူ မောင်နော်ပါကတော့ မနေ့ ည ၉ ခွဲမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“အခုသေဆုံးသွားတဲ့ ကလေးဆို သူက ချဉ်းလုံးခတ်နေတာဟုတ်တယ်။ အဲ့ဒါကနေ လက်နက်ကြီးအတကုန်ပစ်လာတော့ အရမ်းဆူညံလာတယ်ဆိုပြီး အမြန်ဆုံး အိမ်ကိုတန်းပြန်လာတယ်တဲ့။ အိမ်ရောက်တာနဲ့ အိမ်ရှေ့မှာ သူ့အမေကိုတောင် ‘အမေရယ် အသံအရမ်းဆူလာတယ်လေ။ မကြောက်ဘူးလား ကျနော်တော့ကြောက်တယ်’ ဆိုပြီးပြောရုံပဲရှိသေး၊ အိမ်ထဲကိုတောင် မဝင်နိုင်သေးခင် အရှေ့မှာတင် လက်နက်ကြီးကျလာတာတဲ့။ အဲ့မှာတစ်ခါထဲ ထိတာနဲ့ လဲကျသွားတာပေါ့။ အသင်းတော်က ကားနဲ့ အမြန်ဆုံးတော့ ကွတ်ခိုင်ဆေးရုံကိုပို့တာ အဆုတ်ပေါက်သွားတာကြောင့် အသက်သေဆုံးခဲ့ရတာပေါ့။” ဟု ၎င်းကဆက်ပြောပြပါတယ်။

photo; လက်နက်ကြီးကျည်ထိမှန်ပြီးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ နမ့်ဖတ်ကာဒေသခံများ
photo; လက်နက်ကြီးကျည်ထိမှန်ပြီးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ နမ့်ဖတ်ကာဒေသခံများ

နမ့်ဖတ်ကာ အထက်ပိုင်း ကောင်ရာတောင်ကုန်းမှာအရင်က စစ်ကောင်စီတပ်အနေနဲ့ တပ်စွဲနေထိုင်တာတွေမရှိပေမယ့် လက်ရှိချိန် စစ်ကြောင်းထိုးနေတာကြောင့် ရှေ့တန်းယာယီစခန်းအဖြစ် အထိုင်ချ၊ တပ်စွဲနေထိုင်ရာမှာ KIA တပ်မဟာ ၆ အောက် တပ်ရင်း ၉ တပ်ဖွဲ့မှ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

“အဲ့ဒီနေရာမှာက စစ်တပ်ထိုင်နေလို့မရဘူးလေ။တပ်ရင်း ၉ ရဲ့ လှုပ်ရှားနယ်မြေလေ။ ဆိုတော့ သွားသွားလာလာအတွက်လည်း အဆင်မပြေတော့ အဲ့မှာထိုင်နေတဲ့ စစ်တပ်ကိုသွားပစ်ခတ် မောင်းထုတ်တာပေါ့။” ဟု နမ့်ဖတ်ကာဒေသခံတစ်ဦးပြောပါတယ်။

photo; လက်နက်ကြီးကျည်ထိမှန်ပြီးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ နမ့်ဖတ်ကာဒေသခံများ
photo; လက်နက်ကြီးကျည်ထိမှန်ပြီးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ နမ့်ဖတ်ကာဒေသခံများ

တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များကြောင်းသိရပြီး KIA ဘက်မှ စစ်တပ်၏လက်နက်ပစ္စည်းတချို့သိမ်းဆည်းရမိကြောင်းပြောဆိုတာတွေရှိပေမယ့် KNG သတင်းဌာနက သီးခြား အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

“အခုထိ ကောင်ရာတောင်ကုန်းမှာတော့ စစ်သားတွေရှိသေးတယ်ပြောတယ်။ ဒီနေ့ အလောင်းတွေ သယ်ယူဖို့လုပ်နေတယ်ပြောတယ်။ စစ်တပ်ဘက် သေဆုံးတာများတယ်တဲ့။ ဘယ်လောက်သေတယ်ဆိုတာတော့ အတိအကျမသိဘူး။ KIA ဘက်ကတော့ ဘာမှမဖြစ်ဘူးတဲ့။ မနေ့ညတော့ အကြီးအကျယ်တိုက်ကြပြီဟုတ်တယ်။ စစ်တပ်တွေ ရွာထဲက ပြည်သူတွေနဲ့ ကြားညပ်ပြီး နေရာတွေယူလာလို့ တိုက်ပွဲက ပြန်ငြိမ်သွားတာ” ဟု ကောင်ရာအနီးရှိ နားဖိုင်ရွာခံတစ်ဦးက KNG သတင်းဌာနကိုပြောပါတယ်။

photo; လက်နက်ကြီးကျည်ထိမှန်ပြီးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ နမ့်ဖတ်ကာဒေသခံများ
photo; လက်နက်ကြီးကျည်ထိမှန်ပြီးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ နမ့်ဖတ်ကာဒေသခံများ

နမ့်ဖတ်ကာအနီးတဝိုက် စစ်ကောင်စီစစ်ကြောင်းတွေ ပစ်ခတ်တိုက်ခံရတိုင်း နမ့်ဖတ်ကာ ခလရ ၁၂၃ ၊ နမ့်ခိုင်တံတားစစ်တပ်ဂိတ် နဲ့ ကွတ်ခိုင် ခလရ ၂၄၁ စတဲ့တပ်စခန်းတွေထဲကနေ လက်နက်ကြီးဆက်တိုက် ရမ်းတမ်းပစ်ခတ်တာတွေ ပြုလုပ်နေတဲ့အတွက် အဲဒီနေရာတဝိုက်မှာနေထိုင်တဲ့ ဒေသခံပြည်သူတွေဟာ စိုးရိမ်မှုများစွာနဲ့ နေနေရတယ်လို့ ဒေသခံတွေပြောပါတယ်။

“အရမ်းစိုးရိမ်ရတယ်။ စစ်တပ်ဘက်က စိတ်ဆိုးပြီဆို ပြည်သူတွေကိုပဲ သူတို့ကြိုက်သလို လက်နက်ကြီးနဲ့ ရမ်းတမ်းပစ်ခတ်ပေးတာ။ ကျမတို့ ရွာသားတွေက အဲ့ဒီလိုပဲ လက်နက်ကြီးကြားမှာပဲ သူတို့အပေါ်ကနေ ပစ်ထည့်လိုက်တိုင်း အဲ့ဒီအောက်မှာပဲ ပြပ်ဝပ်ပြီးနေနေကြရတာပေါ့။” ဟု ကောင်ရာအနီးရှိ နားဖိုင်ရွာခံတစ်ဦးက ဆက်လက်ပြောဆိုသည်။

photo; လက်နက်ကြီးကျည်ထိမှန်ပြီးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ နမ့်ဖတ်ကာဒေသခံများ
photo; လက်နက်ကြီးကျည်ထိမှန်ပြီးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ နမ့်ဖတ်ကာဒေသခံများ

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့တွင်လည်း နမ့်ဖတ်ကာအနီး နားဖိုင်ကျေးရွာမှာရှိတဲ့နေအိမ်တစ်ခုမှာ စစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အိမ်ထဲမှာအိပ်နေတဲ့ အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

နမ့်ဖတ်ကာကျေးရွာအထက် ကောင်ရာတောင်ကုန်းမှာ နေရာယူနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အပြင် မနေ့ကလည်းနောက်ထပ်တစ်ကြိမ် ပြင်းပြင်းထန်ထန် သွားရောက်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

လားရှိုး-မူဆယ် ပြည်ထောင်စုအဝေးပြေး လမ်းမတစ်လျှောက် ထိုးစစ်ဆင် ချီတက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကွတ်ခိုင်- နမ့်ဖတ်ကာ ကြား KIA တပ်မဟာ ၆ တပ်ရင်း ၉ နဲ့ KIA တပ်မဟာ ၄ ၊ တပ်ရင်း ၈ ပူးပေါင်းတပ်ဖွဲ့တွေ ပုံမှန် ကြားဖြတ်တိုက်ခိုက်ပြီး စစ်ရေးအခြေအနေတင်းမာနေတာ ၂ ပတ်ခန့် ကြာလာပြီဖြစ်ပါတယ်။

Show More

Related Articles

Back to top button