သတင်း

ဗန်းမော်-မြစ်ကြီးနားလမ်း အိမ်စီးကားတစ်စီးပစ်ခံရပြီး တရုတ်လုပ်ငန်းရှင်အပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာရ

စစ်ရေးတင်းမာနေတဲ့ ဗန်းမော်-မြစ်ကြီးနားလမ်းမှာ မနေ့က အိမ်စီးကားတစ်စီးပစ်ခတ်ခံရပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ စကားပြန်မြန်မာအမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်သွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ဇူလိုင်လ ၁၈ ရက် နေ့လည် ၁၂နာရီဝန်းကျင် မြစ်ကြီးနား-ဗန်းမော်လမ်း ဒဘတ်ယန်ရွာနဲ့ ဆမားရွာလမ်းခွဲအထက်မှာ မောင်းနှင်လာချိန် ပစ်ခတ်ခံရတာဖြစ်ပါတယ်။

“အဲလမ်းက ခုသွားလို့မရဘူးလေ သိသိရက်နဲ့မောင်းချလာတာ ဘယ်ဘက်ကပစ်လိုက်တာလဲ ဆိုတော့ မသိဘူး။ ခုအဲဒီနေရာမှာက ရွှေမင်းအဖွဲ့နဲ့ဒီဘက်ကလူတွေ စစ်ရေးတင်းမာ နေတဲ့ချိန်လေ” လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ၂ ဦးအနက် တရုတ်လူမျိုး လုပ်ငန်းရှင်တစ်ဦးက ခြေထောက်ကျည်ထိမှန်သွားပြီး စကားပြန်အမျိုးသမီးက လည်ပင်းနဲ့နားမှာ ကျည်ထိမှန်ပြီးဒဏ်ရာပြင်းထန်တဲ့အတွက် ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံမှာဆေးကုမှုခံယူနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနား- ဗန်းမော်လမ်းမကြီးတစ်လျှောက်မှာ ဇူလိုင်လ ၃ ရက်နေ့ကနေစပြီး နမ်ဆန်ယာန်ဘက်မှာ စစ်ရေးတင်းမာလာတဲ့အတွက် ပြည်သူတွေဖြတ်သန်းသွား လာတာမလုပ်ကြဖို့ KIA ဘက်က သတိပေးထုတ်ပြန်ထားတာပါတယ်။

ဇူလိုင်လ ၄ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ နမ်ဆန်ယာန်ရွာဘက်ကို မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးပစ်ခံရပြီး အသက် ၅၀ ဝန်းကျင်ရှိပြီဖြစ်တဲ့ ကိုအောင်မင်းဆိုသူ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၈ ရက်နေ့ မနေ့က ဒေါ့ဖုန်းယန်နယ် နောင်းဂေါန်ရွာနားမှာ အထိုင်ချထားတဲ့ အမြောက်တပ် ၃၇၀ ကနေ ထွက်လာတဲ့ စစ်ကား ၂စီးကိုလည်း လွယ်ဂျယ်ဘွမ်တောင်ခြေ ရင်းမှာ ကချင်လွတ် လပ်ရေးတပ်မတော် KIA ရဲ့ အထူးတပ်ရင်း ၄၇ တပ်ဖွဲ့က မနေ့ကနေ့လည်ပိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ် လို့ KIA ရှေ့တန်းသတင်း ရင်းမြစ်တွေကပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းက အင်အား ၇၀ ဝန်းကျင်ရှိပြီး မနေ့က နေ့လည် ၁၂ နာရီဝန်းကျင်မှာတိုက်ခိုက် ခံရပြီးနောက် စစ်ကားပျက်စီးသွားပြီးထိခိုက် သေဆုံးသူ တွေများတာကြောင့်ကားနဲ့ဆက်မထိုးနိုင်တော့ဘဲ ခြေလျင်စစ်ကြောင်းနဲ့ ဘန်ကောင်း ရွာဘက်ကိုထပ်မံဝင်ရောက်လာတဲ့တွက် ဒုတိယအကြိမ်မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်တပ်ဘက်က အထိနာပြီးဒဏ်ရာရရှိတဲ့သူတွေအမြောက်အများနဲ့ ခလရ ၁၄၂ တပ်ရင်းထဲဝင်ရောက် သွားခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်က KIO ဌာနချုပ်ရှိတဲ့လိုင်ဇာမြို့နားက နမ်ဆန်ယန်ရွာမှာ ခြေကုပ်တပ်စွဲနေထိုင်နိုင်ဖို့အဖက်ဖက်ကနေ စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ကြောင်းထိုးလာတဲ့လမ်းတစ်လျှောက်ကရွာတွေဖြစ်တဲ့ ဒေါ့ဖုန်းယန်၊မဒီယန်၊ဂန်ဒေါင်ယန်၊ဒဘတ်၊ကဇူ စတဲ့ရွာဘက်တွေမှာလည်း စစ်တပ်နဲ့KIAတပ်တို့အကြား နေရာကွက်ပြီးတိုက်ပွဲဖြစ်ပွားနေတာပါ။

ဒါကြောင့် နမ်ဆန်ယန်ဘက်ကို စစ်အင်အားဖြည့်တင်းဖို့ စစ်တပ်ဟာ အဖက်ဖက်ကနေထိုးစစ်ဆင်နေသလို ရှမ်းမြောက်ဘက်ကပါ စစ်အင်အားဖြည့်ဖို့ စစ်ရေးလှုပ်ရှားမှုတွေဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

By-ZM

Show More

Related Articles

Back to top button